မြန်မာ့ကိုဗစ်နှင့် ခုတ်ရာတခြား ရှရာတခြား

0
643
editorial

ပါတီများ အပြိုင်အဆိုင် မဲဆွယ်နေကြသည်ကို အပြင်မှာရော အွန်လိုင်း တစ်ခွင်မှာပါ မြင်တွေ့နေရသည်။

အချို့မဲဆွယ်မှုများသည် အင်အား ရာနှင့်ချီ၍ ပါဝင်နေကြသည်။ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာရန် မဆိုထားနှင့်။ ပခုံးဖက်၊ ခါးဖက် တိုးဝှေ့နေကြသည်တို့ပင် ရှိနေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက မည်သို့ပင်ထုတ်ပြန်ထားစေကာမူ လက်တွေ့တွင် ထိုသို့သာ ရှိနေသည်။ နှာခေါင်းစည်းတပ်သူများရှိသလို မတပ်သူများကိုလည်း တွေ့ရသည်။

ကိုဗစ်-၁၉ ရောဂါပိုးသည် အခြားနေရာများတွင်သာ ပျံ့နှံ့ကူးစက်ပြီး ပါတီများနှင့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတို့၏ မဲဆွယ်စည်းရုံးမှုများကိုမူ မကူးစက်သလောဟုပင် တွေးထင်ရမလိုလို ရှိနေသည်။

တစ်ချိန်ထဲမှာပင် အခြားတစ်ဖက်တွင် စက်ရုံ၊ အလုပ်ရုံနှင့် ဈေးဆိုင်များ၊ စားသောက်ဆိုင်အချို့မှာ ပိတ်ထားကြရသည်။ ယင်းသို့ပိတ်ထားသောကြောင့် အလုပ်လက်မဲ့ ဖြစ်နေရသူများ၊ ဝင်ငွေကျဆင်းသူများ ရှိနေသည်။ ခရီးသွား လာမှုနှင့် ကုန်စည်စီးဆင်းမှုများကိုလည်း တင်းကျပ်လိုက်ရာ စီးပွားရေးအရ ထိခိုက်နစ်နာရသည့်အခြေအနေများလည်း ဖြစ်ပေါ်နေသည်။

ရောဂါကပ်ဘေး ပိုမိုပြန့်ပွားခြင်းမရှိစေရန်အတွက် ထိုသို့ စီးပွားရေးလုပ်ငန်း များအား ရပ်နားထား၊ ရပ်နားခဲ့ကြရခြင်း ဖြစ်သည်။ သို့သော် ထိုသို့သော လူအုပ်စု များကြောင့် ရောဂါကူးစက်ပျံ့နှံ့နိုင်မှုဘေးအန္တရာယ်မှာ လမ်းမများပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

အနှစ်ချုပ်ဆိုရလျှင် ကိုဗစ်အား ထိန်းချုပ်ကန့်သတ်ရန် စည်းကမ်းချက်များသည် စီးပွားရေးအား ထိခိုက်ကျဆင်းသွားစေရုံသာ အဖတ်တင်ပြီး လမ်းပေါ်မှ မဲဆွယ် လူအုပ်ကြီးများကြောင့် ရောဂါကူးစက်ပျံ့နှံ့စေမှုမှာ လျော့ကျသွားနိုင်ဖွယ် မရှိကြောင်း ထောက်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (စက်တင်ဘာ ၁၇၊ ၂၀၂၀)