ကိုဗစ်ပိုးတွေ့ရှိသူများနေထိုင်သည့် လမ်းနှစ်လမ်းအား အသွားအလာကန့်သတ်

0
409
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနေထိုင်ကြသည့် ကန်ခေါင်းရပ်ရှိ မေတ္တာလမ်းနှင့် ပါရမီရပ်ကွက်ရှိ မာန်ပြေလမ်းတို့အား စက်တင်ဘာလ ၁၆ ရက်နေ့မှစပြီး အသွားအလာကန့် သတ်ခဲ့ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ နာယက ဦးဥက္ကာမင်းထံမှ သိရသည်။

ကိုဗစ်ပိုးရှိသူနှင့် ထိတွေ့မှုရှိခဲ့သည့် မေတ္တာလမ်းတွင်နေထိုင်သူ လင်မယား နှစ်ဦးမှာ ရန်ကုန်မြို့မှပြန်လာပြီးနောက် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကိုဗစ် ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့သည်။

တိုင်းကျော် ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့် အကူများ ကားဝင်းအတွင်းတွင်သာ နေရမည်

အဆိုပါ ပိုးတွေ့သူတို့နှင့်ထိတွေ့ မှုရှိခဲ့သူတို့အား ကွာရန်တင်းစခန်းများသို့ ခေါ်ယူပို့ဆောင်ပြီးနောက် မာန်ပြေ လမ်းနေ မိသားစုဝင်သုံးဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“အထဲကလူတွေလည်း အဝင်အထွက် အပြင်ကလူတွေလည်း အဝင်အထွက်မရှိအောင် အသွားအလာကန့် သတ်လိုက်တာ” ဟု မြိတ်ခရိုင် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနာယက ဦးဥက္ကာမင်းက ပြောသည်။

အသွားအလာကန့်သတ်ထားသည့် လမ်းထိပ်တွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများဖြင့် စောင့်ကြပ်မှု ပေးနေသည်ကို တွေ့ရှိရကြောင်း ကန်ခေါင်းရပ်၊ မေတ္တာလမ်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက ပြောပြသည်။

အဆိုပါ အသွားအလာကန့်သတ်ထားသည့် လမ်းနှစ်လမ်းတွင် နေထိုင်သူတို့မှာ ၁၄ ရက်အထိ Stay Home နေထိုင်ရမည်ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၇၀၊ အိမ်ထောင်စု ၇၇ စုရှိသည်။

လူဦးရေ ၃၀ဝ ဦးကျော်တို့အား လိုအပ်သည့် အစားအသောက်များအား ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးထားကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူ ငါးဦးသည် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်အဆောင်တွင် ဆေးဝါးကုသမှုခံယူနေကြပြီး ၎င်း တို့နှင့်ထိတွေ့မှုရှိသူတို့အား ကွာရန်တင်း စခန်းများသို့ ပို့ဆောင်ခြင်းနှင့် Stay Home အဖြစ်ထားခြင်းတို့ကို ဆောင်ရွက်ထားကြောင်း ကော်မတီထံမှ သိရသည်။

Dawei Watch