တိုင်းကျော် ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့် အကူများ ကားဝင်းအတွင်းတွင်သာ နေရမည်

0
460

မြိတ်ခရိုင်အတွင်းသို့ တိုင်းကျော် ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် မောင်းသူနှင့် အကူများအနေနှင့် ကားဝင်းအတွင်းတွင်သာ နေရမည်ဖြစ်ကြောင်း မြိတ်ခရိုင်အဝေးပြေး ကုန်တင်ယာဉ်ကြီးများအသင်းနှင့် မြိတ်ရိုင် ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်းရေးကော်မတီ ထံမှသိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ယင်းသို့သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ကုန်ပစ္စည်းတင်ချရန်နှင့် ခရီးသည်ချပြီး ညအိပ်မည်ဆိုလျှင် မြိတ်ကားဝင်းအတွင်း စီစဉ်သတ်မှတ်ထားသည့် အဆောက်အအုံတွင်သာ နေထိုင်၊ စားသောက်၊ အိပ်စက်ရမည်ဖြစ်ပြီး အခြားနေရာများသို့ သွားလာ ခွင့်မပြုတော့ဟု အထက်ပါအသင်းများမှ တာဝန်ရှိသူများ ကပြောသည်။

“မြိတ်ဒေသခံလည်း သူ့အိမ်သူ ပြန်အိပ်လို့မရတော့ဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နေရာမှာပဲ နေရပါမယ်။ ဒါမှမဟုတ် ကုန်တင်ပြီး ချက်ချင်း ပြန်ထွက် သွားမယ်ဆိုလည်း ရနိုင်ပါတယ်” ဟု မြိတ်ခရိုင်အဝေးပြေး ကုန်တင် ယာဉ်ကြီးများအသင်း ဥက္ကဋ္ဌ ဦးသန့်စင်ဦး က ပြောသည်။

လက်ရှိမြိတ်အဝေးပြေး ကားဝင်းအတွင်း တိုင်းကျော်ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်း ၂၅ လိုင်းနှင့် ကုန်တင်ယာဉ်လိုင်း ၂၂ လိုင်းရှိကြောင်း မြိတ်ခရိုင် ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လိုင်းတာဝန်ခံများအား ခေါ်ယူအသိပေးထားပြီး လိုက်နာ ခြင်းမရှိသည့် ယာဉ်လိုင်းများအား ထုတ်ပြန်ထားသည့် ဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောသည်။

မြိတ်မြို့အတွင်း စက်တင်ဘာ ၁၄ ရက်နေ့က ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ နှစ်ဦးတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် သုံးဦးထပ်မံတွေ့ရကာ လက်ရှိတွင် ပိုးတွေ့သူ စုစုပေါင်း ငါးဦးအထိရှိလာပြီ ဖြစ်သည်။

ကိုဆန်း