ဓာတ်ခွဲအဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူ စုံစမ်းမရသေး

0
515
Dawei Watch, Dawei News, Dawei News Media

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ် ဓာတ်ခွဲနမူနာယူထားပြီး အဖြေမသိရသေးခင် ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့ ဖြင့်ချိတ်ဆက်ပြီး ရှာဖွေခဲ့သော်လည်း တစ်ရက်ကျော်ကြာသည်အထိ (ယနေ့ သတင်းရေးချိန်အထိ) စုံစမ်းမရသေးဘဲ အစအနပျောက်နေကြောင်း ယင်းစောင့် ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။

ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။ စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်သည်။

ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာရှိ ရာဘာခြံ တစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှ တစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ ညီက ဦးသန့်လွင်သို့ စက်တင်ဘာလ ၁၇ ရက်မှာပင် ဆက်သွယ်ပြောကြားလာခဲ့သည်။

နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ ဖုံးကွယ်ထားသူကိုပါ အရေးယူမည်

“ဘယ်လိုကနေဘယ်လို အဲဒီကို ရောက်သွားတာလဲဆိုတာစဉ်းစားမရဘဲ ဖြစ်နေတယ်။ သူ့မှာက ဖုန်းလည်းရှိတာ မဟုတ်ဘူး။ သူ့သူငယ်ချင်းဆီကနေငှား ဆက်တဲ့ဖုန်းကို ကြည့်တော့လည်း သူ့ညီ ဆီကိုဆက်ထားတာဖြစ်နေတယ်။ သူ့ညီလာခေါ်တာလည်းမဖြစ်နိုင်ဘူး” ဟု ဦးသန့်လွင်က ဆိုသည်။

ညီဖြစ်သူမှာ တလိုင်းယာကျေးရွာတွင် အလုပ်လုပ်နေသူဖြစ်ပြီး အစ်ကိုဖြစ်သူ ကွာရန်တင်းစခန်းမှ ရက်မပြည့်ဘဲ ထွက်လာသည်ကို သံသယရှိသဖြင့် လောင်းလုံးမိုးကုတ်ရိပ်သာကွာရန်တင်း စခန်းတာဝန်ရှိသူထံ မေးမြန်းရာမှ ထွက် ပြေးသွားသည်ကို သိရှိသွားခြင်းဖြစ်သည်။

ထွက်ပြေးသွားသူမှာ လောင်းလုံးမြို့နယ်၊ ကုန်းဇရပ်ကျေးရွာသားဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လိုက်လံရှာဖွေနေကြောင်း ဦးသန့်လွင်က ပြောသည်။

ယင်းအပြင် ဦးသန့်လွင်၏ Facebook စာမျက်နှာတွင်လည်း ထွက်ပြေးသွားသူ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်ကို တင်ထားပေးပြီး တွေ့ရှိသူများအနေနှင့် အကြောင်း ကြားပေးရန် ရေးသားထားသည်။

ကျော်သူစိုး