မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ကွယ်လွန်

0
399

မွန်ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးသည် လူကြီးရောဂါဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့ညက မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းသည် တက္ကသိုလ် ကျောင်းသားဘဝကတည်းမှ ကွယ်လွန်အချိန်ထိ မွန်အမျိုးသားအရေး၊ မွန်စာပေနှင့် ယဉ်ကျေးမှုအရေး၊ မွန်သမိုင်းသုတေ သနဆိုင်ရာအရေးတွေကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်တို့ က ပြောသည်။

ဒေါက်တာမင်းနွယ်စိုးသည် မွန်အမျိုးသားဝတ်စုံ ဖော်ထုတ်ရေးနှင့် နွေရာသီမွန်စာပေသင်တန်း ပေါ်ပေါက်ရေးအတွက် ထဲထဲဝင်ဝင်ဦးဆောင် ကြိုးပမ်းခဲ့သူဖြစ်သည့်အပြင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်အမျိုးနေ့ကျင်းပရေး ကော်မတီစသည့် အမျိုးသားရေးလှုပ်ရှားမှု အခန်းကဏ္ဍတွင် တစိုက်မတ်မတ် ပါဝင် လှုပ်လာခဲ့သူဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်မှုများလာသဖြင့် မွန်တွင် မဲဆွယ်မှုအချို့ ရပ်နား

၎င်းသည် ရန်ကုန် ဆေးတက္ကသိုလ်တွင် ဆေးပညာရပ်သင်ယူခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းအနေနှင့် နိုင်ငံအနှံ့ တာဝန်ထမ်းဆောင်ခဲ့ကာ ကယားပြည်နယ် ကျန်းမာရေးဦးစီးမှူးတာဝန်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူခဲ့သည်။

ယင်းနောက် မွန်စာပေယဉ်ကျေးမှု၊ မွန်သမိုင်းသုတေသနပြုမှုဆိုင်ရာ စာများကို ရေးသားပြီး စာအုပ်ပေါင်းများစွာ ထုတ်ဝေလာလာခဲ့သည်။ မွန်အမျိုးသား နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် တရားဝင်နိုင်ငံရေးလမ်းကြောင်းတွင် ရှိသင့်သည်ဆိုသည့် ယူဆချက်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် မွန် ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီကို နိုင်ငံ ရေးလုပ်ဖော်ကိုင်ဘက်များနှင့်အတူ ၂၀၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူးအနေနှင့် တာဝန်ယူခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ မွန်ပြည်အနယ် အစိုးရအဖွဲ့တွင် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီးတာဝန်အပြင် မွန်တိုင်းရင်းသားရေးရာတာဝန်ခံဝန်ကြီး အနေနှင့်လည်း ပူးတွဲ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

အစိုးရအဖွဲ့တွင် ဝန်ကြီးအနေနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်တာ ကာလတွင် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအပြင် အစိုးရစာသင်ကျောင်းတွင် တိုင်းရင်းသားစာပေ သင်ကြားခွင့်ရရေး၊ အစိုးရထုတ်သတင်းစာတွင် တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေခွင့်ရရှိရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထုတ်ဖော်ခွင့်ရရှိရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်သည်။

“ဆရာနွယ် ကွယ်လွန်သွားခြင်းဟာ မွန်လူမျိုးတွေနဲ့ မွန်သမိုင်း မွန်စာပေယဉ် ကျေးမှုကဏ္ဍတွေအတွက် ကြီးစွာသော နောက်ထပ် အစားထိုးစရာမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးသွားတာပဲ” ဟု မွန်ညီညွတ် ရေးပါတီမှ ဦးမင်းမင်းနွယ်က ပြောသည်။

၎င်းပြင် သုဝဏ္ဏဘူမိမြို့ဟောင်း ရှာဖွေတူးဖော်ရေး၊ သုဝဏ္ဏဘူမိဆိုင်ရာ သုတေသနပြုမှုများ စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေး ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် မွန်တို့၏ တိမ်မြုပ်ပျောက်ကွယ်နေသည့် မုတ္တမမြို့ဟောင်း၊ ဝါခရူမြို့ဟောင်း၊ ရေးမြို့ဟောင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲများ ဖြစ်မြောက်အောင်လည်း ဦးဆောင် ပံ့ပိုးပေးခဲ့သူဖြစ်သည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍတွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပူးတွဲကော်မတီ (UPDJC) နှင့် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာစောင့်ကြည့်ရေးကော်မတီ (JMC-S Mon) တွင်လည်း ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဒေါက်တာမင်းနွယ်စိုး၏ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ညောင်ကုန်း ကျေးရွာသုသာန်၌ မွန်ရိုးရာဓလေ့အတိုင်း ကျင်းပခဲ့သည်။

Dawei Watch