ကိုဗစ်-၁၉ ကူးစက်မှုများလာသဖြင့် မွန်တွင် မဲဆွယ်မှုအချို့ ရပ်နား

0
442
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှာ လတ်တလောတွင် များပြားလာနေသောကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်းတချို့သည် လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းမှုများကို ရပ်နားထားကြသည်ဟု ကိုယ်စားလှယ်လောင်းအချို့ထံမှ သိရသည်။

လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာ (Facebook) မှတဆင့် မဲဆွယ်ရေး လှုပ်ရှားမှုမျိုးကို လုပ်ဆောင်နေသည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်း က ပြောသည်။

“ကျွန်တော်တို့ ရွာတွေအထိ စည်းရုံးရေးဆင်းတဲ့အလုပ်တွေတော့ ခဏရပ်နား ထားတာပေါ့လေ” ဟု ၎င်းက ပြောသည်။

၎င်း၏ မဲဆန္ဒနယ်မြေများဖြစ်သည့် သထုံနှင့် ဘီးလင်းဒေသများတွင် ပိုးတွေ့လူနာများ ရှိလာနေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် နေ့စဉ်နှင့်အမျှ တိုးလာနေသည့်အပြင် သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။

မွန်ပြည်နယ်တွင်လည်း ကူးစက်ခံရသူ နေ့စဉ်တိုးလာနေပြီး စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းထိ ထုတ်ပြန် စာရင်းအရ ရောဂါကူးစက်ခံထားရသူ ၇၄ ဦးရှိကာ သေဆုံးမှုလည်း ရှိခဲ့သည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ တွင် ဝင်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းကလည်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာနေသည့် အခြေအနေတွင် လူထုနှင့် တွေ့ဆုံခြင်း၊ အစုအဖွဲ့နှင့် စည်းရုံးလှုံ့ဆော်ခြင်းတို့ကို ရပ်ဆိုင်းထားပြီး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စည်းရုံးရေးလုပ်ဆောင်သွားမည်ဟု ပြောသည်။

“စည်းရုံးရေးကတော့ လုံးဝမလုပ်ဘူး နားထားတယ်။ လူ လေးငါး ယောက်နဲ့ ဆိုင်းဘုတ်တင်တာတွေတော့ ရှိတယ်။ ကျန်တဲ့စည်းရုံးရေးလုပ်ငန်း မှန်သမျှကို ရပ်နားထားပါတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ကပ်ရောဂါ အန္တရာယ်ကြားတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးရေးလုပ်နေကြရခြင်း ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတို့ကလည်း ကူးစက်ရောဂါကာလတွင် မဖြစ်မနေ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလည်း လုပ်ဆောင်ရမည့်အခြေအနေကြောင့် လူအင်အားအနည်းဆုံးနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာလမ်း ညွှန်ချက်များနှင့်အညီ ပါတီဆိုင်းဘုတ်တင်ခြင်း ပိုစတာထောင်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု ကိုယ်စားလှယ်လောင်းတို့က ပြောသည်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် အင်အားကြီးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီတို့မှ ကိုယ်စားလှယ် လောင်းအချို့တို့ကလည်း လတ်တလောတွင် လူထုနှင့် ထိတွေ့ခြင်း လူစုဟော ပြောခြင်း ရပ်နားထားကြသည်။

မွန်ပြည်နယ်တွင် လာမည့်ရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဝင်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားခြင်း ဖြစ်သည်။

Dawei Watch