နိုင်ငံဝန်ထမ်းများ နယ်ကျော်ခရီးသွားက သွားသူနှင့်အတူ ဖုံးကွယ်ထားသူကိုပါ အရေးယူမည်

0
503
Dawei Watch, Dawei News, Dawei News Media

နိုင်ငံ့ဝန်ထမ်းများအနေနှင့် ခွင့်ပြုချက်မရဘဲ နယ်ကျော်ခရီးသွားပါက သွားသူအပြင် သိလျက်နှင့်ဖုံးကွယ်ထား သူကိုပါ အရေးယူမည်ဟု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားထားသည်။

ရောဂါ ကူးစက်ခံရသူများတွင် နိုင်ငံ့ဝန်ထမ်းများကို တွေ့ရှိလာရခြင်း၊ ရောဂါပိုးကူးစက်ခံရပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပြသခြင်းတို့ရှိလာ သည်ဟု ညွှန်ကြားချက်က ဆိုသည်။

ယင်းကြောင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ဒုတိယညွှန်ကြားရေးမှူးနှင့် အောက်ဝန်ထမ်းများအားလုံး၏ တစ်ဝက်သည် တစ်လလျှင် နှစ်ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် နှစ်ပတ်အိမ်မှာနေပြီး ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းကို အလှည့်ကျဆောင်ရွက်ရန် ညွှန်ကြားထားသည်။

နှစ်ပတ် အိမ်မှာနေသည့်အချိန်တွင် ကျန်းမာရေးကိစ္စနှင့် ဈေးဝယ်ခြင်းတို့မှ လွဲ၍ ပြင်ပသို့ (လုံးဝ) သွားလာခြင်း မပြုရန်၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါက တာဝန်ရှိသူ အဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်ရာ အဝန်းအဝိုင်းကို ကျော်လွန်၍ ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့် ခရီးသွားလာကြောင်း တွေ့ရှိပါက ခရီးသွားသူ ဝန်ထမ်းအားလည်ကောင်း၊ သိလျက်နှင့်ဖုံးကွယ်ထားသူ၊ အကာအကွယ်ပေးသူများကိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဖောက်ဖျက်သည့် ပြစ်မှုအပေါ် မူတည်၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားချက်က ဆိုသည်။

ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အရေးပါသည့်အဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများအားလုံးနှင့် ညွှန်ကြားရေးမှူးနှင့် အထက်အဆင့် ဝန်ထမ်းများအားလုံးမှာမူ နေ့စဉ် ရုံးတက်ရမည်ဖြစ်သည်။

မိုးမြင့်