ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ပြိုင်မည်၊ သို့သော် ကိုဗစ်ကြောင့် တင်ဒါဖွင့်နိုင်မည်မဟုတ်သေး

0
269

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ကုမ္ပဏီ ခြောက်ခုက လာပြိုင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် တင်ဒါ ပိတ်ခဲ့သည်။

တင်ဒါလျှောက်လွှာပိတ်သည့် အချိန်အထိ တိုင်းတွင်းနှင့် တိုင်းပြင်ပမှ ကုမ္ပဏီခြောက်ခုလျှောက်ထားကြပြီး ယခင်ကလျှောက်ခဲ့ဖူးသည့် ကုမ္ပဏီ အချို့လည်း ပါဝင်ကြောင်း ဦးအောင်သူရ က ဆိုသည်။

ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

လက်ရှိတွင် တင်ဒါလျှောက်လွှာပိတ်ပြီးဖြစ်သော်လည်း ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေသည့်အတွက် တင်ဒါဖွင့်ပွဲကို မည်သည့်အချိန်တွင် လုပ်ဖြစ်မည်ကို မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ်နည်းနည်းငြိမ်တဲ့ အချိန်ကျမှပဲ တင်ဒါဖွင့်မှာ” ဟု ၎င်းက ပြောသည်။

တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာ စစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာ ခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက် မည်ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းကို ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။

Dawei Watch