ကော့သောင်း ကိုဗစ်ပိုးတွေ့လူနာသုံးဦး ဆေးရုံဆင်းခွင့်ပြု

0
407

ကော့သောင်းခရိုင်၊ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေကြသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးအား စက်တင်ဘာလ ၁၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း ယင်းဆေးရုံကြီး၏ ‌ဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။

၎င်းတို့မှာ နေရပ်ပြန်သင်္ဘောသား သုံးဦးဖြစ်ပြီး ဟိုတယ်တွင် ကွာရန်တင်း ဝင်နေကြသူများလည်း ဖြစ်သည်။ သြဂုတ်လ ၃၀ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ ကြခြင်းဖြစ်သည်။

ဆလုံများတောင်းဆိုပါက စံပြကျေးရွာအသစ်တည်ပေးမည်ဟုဆို

၎င်းတို့တွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောပြသည်။

ဆေးရုံမှ ဆင်းခွင့်ရပြီးနောက် နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ခုနစ်ရက်နေထိုင်ရမည်ဖြစ်ရာ ရပ်ဝေး နေသူများဖြစ်ကြသဖြင့် မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ကွာရန်တင်းအနေဖြင့် ထားရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။

ယင်း အမျိုးသားသုံးဦးအနက် နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး တာမွေနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်နေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်နေသူဖြစ်သည်။

အဆိုပါ အမျိုးသားသုံးဦးတို့နှင့် ထိတွေ့မှုရှိခဲ့သူ လေးဆယ်ဦးကျော်အားလည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင်မူ ပိုးမတွေ့ရှိခဲ့ပေ။

မြင့်မိုရ်(မြိတ်)