အကျဉ်းထောင်များအတွင်း ဖုန်းလိုင်းဖြတ်ကိရိယာ တပ်ဆင်ထားဟုဆို

0
276

တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် ဖုန်းလိုင်းဖြတ်တောက်သည့် ကိရိယာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ပြောကြားသည်။

တိုင်းနှင့်ပြည်နယ်များရှိ (က)အဆင့်နှင့် (ခ)အဆင့်ရှိ အကျဉ်းထောင်အချို့တွင် လက်ကိုင်ဖုန်း အသုံးပြုမှုရပ်တန့်စေရန် လိုင်းဖြတ်စက်များကို ယခု ဘဏ္ဍာနှစ်တွင် စတင်တပ်ဆင်ထားကြောင်း အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု The Voice သတင်း ဌာနတွင်ဖော်ပြထားသည်။

ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

သို့သော် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းရှိ အကျဉ်းထောင်များတွင် အဆိုပါကိရိယာများကို ပြီးခဲ့သည့် နှစ်ကတည်းက တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်တစ်ခုလျှင် အနည်းဆုံး ခြောက်လုံးမှ ကိုးလုံးအထိ တပ်ဆင်ထားကြောင်း၊ ကိရိယာတစ်ခုလျှင် ငွေကျပ် နှစ်သိန်းခွဲခန့် တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။

“ဖုန်းခိုးပြောမှာကြောက်တာပေါ့။ ပြောနေလို့တော့ မဟုတ်ဘူး။ ပြောခဲ့ သည်ရှိသော်ဆိုပြီးတော့ ပေါ့နော်၊ အဲဒီရည်ရွယ်ချက်နဲ့ပါ” ဟု ဦးထွန်းခိုင် က ပြောသည်။

အကျဉ်းထောင်များအတွင်း ဖုန်းသုံးစွဲမှုများသည် တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ အစိုးရအား မေးခွန်းထုတ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကိစ္စနှင့်ပတ်သက်၍ အကျဉ်းထောင် အချို့တွင် ထောင်အတွင်း ဆူပူမှုဖြစ်သည့် ရုပ်သံဖိုင်အချိူ့လည်း Facebook (လူမှုကွန်ရက်) ပေါ် ပျံ့နှံ့ခဲ့ဖူးသည်။

Dawei Watch