ဆလုံများတောင်းဆိုပါက စံပြကျေးရွာအသစ်တည်ပေးမည်ဟုဆို

0
396

ရေပျော်ဆလုံ(မော်ကဲလ်) လူမျိုးများကိုယ်တိုင် ကုန်းတွင်နေထိုင်လိုကြောင်း တင်ပြတောင်းဆိုလာပါက စံပြကျေးရွာတည်ရန် မြေအသုံးပြုခွင့်ရရေး အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်းမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် မန်းဆွေမြင့် (ခေါ်) ဦးဆွေမြင့်၏ မေးခွန်းကို အထက်ပါအတိုင်း ဝန်ကြီးက ဖြေကြား ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော

ကိုယ်စားလှယ်ဖြစ်သူ မန်းဆွေမြင့်ကမူ ဆလုံတိုင်းရင်းသားများအတွက် ကျေးရွာတည်ပေးမည့်နေရာကို ကုန်းလမ်းအဆက်အသွယ်ရှိသော ဘုတ်ပြင်းမြို့နယ်ရှိ လေညာမြစ်ဝနှင့် လေညာမြစ် ဝှမ်းအောက်ပိုင်းနေရာတို့တွင် အဆင်ပြေကြောင်း ပြောသည်။

ဆလုံများမှာ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ထုံတမ်းဓလေ့ အဘက်ဘက်က နိမ့်ကျနေသည့်အပြင် ရေသယံ ဇာတရှားပါးလာသဖြင့် ၎င်းတို့၏ ဘဝများဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်က ဟန်ချက်ညီစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဆလုံတိုင်းရင်းသားများ၏ နိမ့်ကျနေသော လူနေမှုဘဝကို မြှင့်တင်ရန်မှာ စိုက်ပျိုး၊ မွေးမြူးရေး လုပ်ကိုင်နိုင်သော ကုန်းလမ်း အဆက်အသွယ်ရှိသည့်နေရာများသို့ စည်းရုံးခေါ်ယူနေရာချထားပေးပြီး အချိန် အတိုင်းအတာတစ်ခုအထိ အစိုးရမှ ထောက်ပံ့ပေးရန် အထူးလိုအပ်နေကြောင်းလည်း ၎င်းကပြောသည်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

ပုံမှန်အားဖြင့်မူ ဆလုံတိုင်းရင်းသားများသည် ပင်လယ်ပြင်တွင်သာ နေထိုင်ကာ အသက်မွေးဝမ်းကျောင်းပြု သူများဖြစ်သည်။ ၎င်းတို့အား ကုန်းပေါ်တွင် ရွာတည်ပေးမည့်အစီအစဉ်မှာ ဝိဝါဒကွဲပြားစရာဖြစ်နေသည်။

ယင်းအချက်ကို ဦးဖိုးဇော်က ထောက်ပြသည်။ ၎င်းသည် ဘုတ်ပြင်းမြို့နယ် လယ်မန်ကျေးရွာတွင် ဆလုံများနှင့်အတူနေထိုင်သူဖြစ်သည်။

ရေပြင်တွင်သာ ပျော်မွေ့လေ့ရှိသည့် ဆလုံတိုင်းရင်းသားများကို ကုန်းပေါ်တွင် ရွာတည်ပေးမည်ဆိုသည်မှာ လုံးဝအဆင်မပြေဟု ၎င်းက ဆိုသည်။

“ဆလုံတွေမပြောနဲ့ဦး။ ကျွန်တော် တို့သာမန်လူတွေကိုတောင် ဒီနေရာကနေ ဟိုနေရာသွားပြီးနေပါဆိုပြီး ပြော တာတောင် မလွယ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဆလုံတွေကို တခြားနေရာကို‌ ရွှေ့ပြောင်းမယ်ဆိုတာက မဖြစ်နိုင်ဘူး” ဟု ဦးဖိုးဇော်က ဆိုသည်။

ဦးဖိုးဇော်၏ အတွေ့အကြုံအရ ဆလုံးတိုင်းရင်းသားများသည် အခြားလူစိမ်းများနှင့် ထိတွေ့ ဆက်ဆံရသည်မှာ အလွန်ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ကြောင်းဆိုသည်။

ကော့သောင်းခရိုင်တွင် ဆလုံတိုင်းရင်းသား တစ်ထောင်ကျော်(၁၄၆၉ ဦး) နေထိုင်ကြောင်း သိရသည်။

ကျော်သူစိုး