တစ်လနီးပါးရပ်နားထားသည့် မြိတ်မြို့အဝင် ကိုဗစ်စစ်ဆေးဂိတ် ပြန်ဖွင့်

0
248

မြိတ်မြို့အဝင် ကျွဲကူး-ကျောက်ဖျာ တံတား‌ပေါ်ရှိ ကျောက်ဖျာရွာဖက်တွင် ဖွင့်လှစ်ခဲ့သည့် ကိုဗစ်စစ်ဆေးရေးဂိတ်အား တစ်လနီးပါးအကြာ စက်တင်ဘာ လ ၁ ရက်နေ့မှစပြီး စတင်ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျွဲကူး-ကျောက်ဖျာတံတားရှိ ကျန်းမာရေးစစ်ဆေးဂိတ်အား မြိတ်ခရိုင် ကိုဗစ်နိုင်တီး ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီ၊ မြိတ်ဒေသ ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီ၊ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပြီး ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း ယင်း စစ်ဆေးဂိတ်တာဝန်ခံ ကိုတူးတူးက ပြောပြသည်။

တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော

လက်ရှိ ပြန်လည်ဖွင့်လှစ်ခဲ့သည့် စစ်ဆေးဂိတ်တွင် ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် တပ်မတော်ဆေးဘက် တာဝန်ရှိသူတို့ပါဝင်ကြောင်း ကျောက်ဖျာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုးလွင် က ပြောပြသည်။

“ကျန်းမာရေးပိုင်းကိုပဲ အဓိက ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ဆိုင်ကယ်များနှင့် ယာဉ်ပေါ် ပါသူများအား နှာခေါင်းစည်းတပ်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နာမည်စာရင်းသွင်းခြင်းတို့အား ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောပြသည်။

တနင်္သာရီတိုင်းဒေသကြီးတွင်းသို့ လာရောက်သူများသည် ရခိုင်ပြည်နယ်ရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့မှ လာရောက်သူများဖြစ်ပါက Facility Quarantine ၁၄ ရက်နေထိုင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ်စစ်ဆေးကာ ကိုဗစ် -၁၉ ရောဂါပိုး မတွေ့ပါက နေအိမ်၌ Home Quarantine ၇ ရက် နေထိုင်ရ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်နိုင်တီးထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

Dawei Watch