လစာမဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး သို့မဟုတ် ဇောတိကဖွတ်မ

217
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအများစု ဟာ အမျိုးသားတွေပါ။ ကိုဗစ်ကပ်ဘေးကြောင့် အမျိုးသားအုပ်ချုပ်ရေးမှူးတွေ လူပင်ပန်း၊ စိတ်နွမ်းနေကြလို့ ညည်းညူနေကြတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ဦးကတော့ လစာမရဘဲနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ရဲရဲဝံ့ဝံ့တာဝန်ယူလိုက်ပါတယ်။

အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်၊ လစာမရတာရယ်ကြောင့် မလုပ်ဖို့ သူ့မိဘတွေက တားမြစ်ပေမဲ့လည်း သူကတော့ နားမထောင်ခဲ့ပါဘူး။

“ဒီနေရာကကျွန်မနဲ့ထိုက်တန်လို့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မဆီ ရောက်လာတဲ့တာဝန် ကျွန်မနိုင်အောင်ထမ်းမယ်” လို့ သူက ဆိုပါတယ်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

သူ့နာမည်အရင်းက ဒေါ်ခင်ချိုခိုင်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ရငဲကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ရပ်ရွာကလူတွေကတော့ လေးလေး လို့ပဲသိတာများပါတယ်။ သူ့မှာ ရပ်ရွာက ချစ်စနိုးနဲ့ ကင်ပွန်းတပ်ပေးထားတဲ့ နောက်ထပ် နာမည်ပြောင်ဘွဲ့တစ်ခုလည်း ရှိသေးတယ်။ ဇောတိက ဖွတ်မတဲ့။ ဇောတိကဖွတ်မဆိုတဲ့နာမည်က စိတ်ဝင်စားစရာပါ။

ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်က အလွန်တရာချမ်းသာပြီး အလှူအတန်းရက်ရောတယ်ဆိုတဲ့ သူဌေးကြီး တစ်ဦးနာမည်နဲ့ ချွတ်ခြုံကျမွဲတယ်ဆိုတာကို တင်စားပြောဆိုကြတဲ့ ဖွတ်တိရစ္ဆာန်ဆိုတဲ့ ဆန့်ကျင်ဘက် နှစ်ခုကို ယှဉ်တွဲမှည့်ထားလို့ပါ။

အဲဒီချစ်စနိုးနာမည်ဘယ်ကနေ ဘယ်လိုရလာတယ်ဆိုတာ အောက်မှာ ဆက်ရှင်းပြပါမယ်။ အရင်ဆုံး သူဘယ်လို အုပ်ချုပ်ရေးမှူး ဖြစ်လာတာလဲဆိုတာနဲ့ လစာမရတဲ့အကြောင်းကို တင်ပြပါရစေ။

သူက ၂၀၁၅ ခုနှစ်၊ ရငဲကျေးရွာအုပ်ချုပ်ရေးမှူးရွေးပွဲမှာ တတိယမဲအများဆုံးရရှိပြီးတော့ အုပ်ချုပ်ရေးမှူးတာဝန်နဲ့ လွဲခဲ့ဖူးသူပါ။ အဲဒီအချိန်က မဲ အများဆုံးရရှိတဲ့ ဦးမျိုးမင်းအောင်က ရငဲကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာပြီးတော့ သူကတော့ ရာအိမ်မှူး တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလလောက်မှာ အကြောင်းတစ်ခုခုကြောင့် ဦးမျိုးမင်းအောင်ဟာ အုပ်ချုပ်ရေးမှူး တာဝန်ကနေ ယာယီရပ်စဲ ခံခဲ့ရပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ အဲဒီလို အခြေအနေမျိုးမှာ ဒုတိယမဲအများဆုံးရတဲ့သူကဆက်ပြီး အုပ်ချုပ် ရေးမှူးတာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယ မဲအများဆုံးရခဲ့တဲ့သူကလည်း အုပ်ချုပ်ရေးမှူးလုပ်ဖို့ ငြင်းပယ်တာကြောင့် သူက ဝင်ပြီး တာဝန်ယူလိုက်ရတာပါ။

“ပေးအပ်တဲ့တာဝန်ကို ထမ်းသင့် တယ်ဆိုပြီးတော့ ကျွန်မလည်း မငြင်းဘဲနဲ့ အဲဒီတာဝန်ကို ယူပေး လိုက်တယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ သူက လစာမရပါဘူး။ ဘာလို့ဆိုတော့ အရင်အုပ်ချုပ်ရေးမှူးကို တာဝန်ကနေ အပြီးသတ် ရပ်စဲလိုက်တာ မျိုးမဟုတ်တာကြောင့်ပါ။ အဲဒါကြောင့် သူက ရငဲရွာရဲ့ ယာယီအုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ ဖြစ်နေပါတယ်။ ယာယီအုပ်ချုပ်ရေးမှူးဆိုတော့ နိုင်ငံတော်ကပေးတဲ့ အုပ်ချုပ်ရေးမှူးလစာကို သူ့အနေနဲ့ ခံစားပိုင်ခွင့်မရှိသေးတာပါ။

သူကတော့ လစာနဲ့အခွင့်အရေးကို မက်မောလို့ အုပ်ချုပ်ရေးမှူးဝင်လုပ်တာ မဟုတ်ဘူးလို့ဆိုပါတယ်။ လစာမရတဲ့ အခြေအနေကိုလည်း သူက ကြိုသိပြီးသားပါ။ ဧပြီလကတည်းကနေ အုပ်ချုပ်ရေးမှူးလုပ်နေတာဆိုတော့ အခုဆိုရင် ငါးလ လောက်ရှိနေပါပြီ။

“လစာကအဓိကမဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ဒေါ်ခင်ချိုခိုင်က လူလတ်ပိုင်းအရွယ် အသက် ၃၈ နှစ်ရှိပါပြီ။ အိမ်ထောင်လည်းမရှိသေးပါဘူး။ သူ့မှာ မိသားစု ရှစ်ယောက်ရှိပါတယ်။ မောင်နှမ ခြောက်ယောက်ထဲမှာ သူက လေးယောက်မြောက်ပါ။ ထားဝယ်အဝေးသင် တက္ကသိုလ်ကနေပြီး ပထဝီ ဘာသာရပ်နဲ့ ဘွဲ့ရပြီးတော့ မိသားစုစီးပွားရေး လုပ်ငန်းကိုပဲ လုပ်ကိုင်နေခဲ့ပါတယ်။

သူတို့မိသားစုရဲ့ အဓိက စီးပွားရေးလုပ်ငန်းကတော့ ဥယျာဉ်ခြံနဲ့ အလှူ၊ မင်္ဂလာပွဲတွေကို စားပွဲ၊ ကုလားထိုင်ငှားတဲ့ လုပ်ငန်းလုပ်တယ်လို့ ဆိုပါတယ်။

အခုအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ရပ်ရွာကိစ္စတွေနဲ့ လုံးပမ်းနေရတာဆိုတော့ သူရဲ့မိသားစု စီးပွားရေးကိုတောင် ဝိုင်းမလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“အိမ်မှာ ထမင်းချက်ဖို့တောင်အချိန် မရှိတော့ဘူး” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ သူ့မိသားစုစီးပွားရေးကတော့ ချောင်ချောင်လည်လည် အဆင့်လို့ပဲပြောပါတယ်။ အုပ်ချုပ်ရေးမှူးစဖြစ်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်က မလိုမုန်းထားတဲ့လူအချို့ရဲ့ ပုတ်ခတ်ပြောဆိုတာတွေ၊ အိမ်ကိုခဲနဲ့လာပေါက်တာတွေအထိ ခံခဲ့ရဖူးတယ်လို့လည်း ပြောပါတယ်။

သူအုပ်ချုပ်ရေးမှူးတာဝန်ကို ဧပြီ လ ၄ ရက် နေ့မှာ စပြီးတာဝန်ယူပါတယ်။ အဲဒီညမှာပဲ ရငဲရွာမှာ တောမီးလောင်တဲ့အမှု စဖြစ်ပါတော့တယ်။ တောမီးက ရငဲရိပ်သာထဲရောက်လာရင် ထိန်းမနိုင်တော့မှာစိုးလို့ သူကိုယ်တိုင် ရွာသားတွေနဲ့အတူတူ တောတိုးပြီး ညကိုးနာရီလောက်အထိ မီးသတ်တာကို ဝိုင်းကူခဲ့တဲ့အကြောင်းကို သူက ပြောပြပါတယ်။

တောမီးလောင်တဲ့နေရာက သာမန်ယောကျာ်းတွေ ဘောင်းဘီအရှည်တွေ၊ တောစီးဖိနပ်တွေနဲ့ တက်တာတောင် တော်တော်ကြိုးစားပြီး တက်ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ဆိုတယ်။

“ကျွန်မကလည်း အဲဒီနေ့မှာပဲ အိမ်မှာနေရင်း ဝတ်တဲ့ အင်္ကျီဝမ်းဆက်တစ်စုံနဲ့ အဲဒီအတိုင်း တောထဲတိုးတက်သွားတာ။ စိတ်ပူတဲ့ဇောကြီးနဲ့ပေါ့” လို့ သူက ပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ရေးအတွက်လည်း ညကြီး အချိန်မတော်အထိ လိုက်လံဆောင်ရွက်ပေးတာတွေ၊ မူးယစ်ရမ်းကားတဲ့သူတွေကို ဖမ်းပြီးတော့ ရဲစခန်းပို့တာ တွေလည်းပါသေးတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ၊ ရပ်မိ၊ ရပ်ဖတွေ၊ ပရဟိသမားတွေနဲ့ ပေါင်းပြီးဝိုင်းလုပ် ကြတာပါ။

သူကအမျိုးသမီးဖြစ်နေတာဆိုတော့ ညကိုး နာရီလောက်ဆိုရင် လူကြီးတွေက အိမ်ပြန်လွှတ်လေ့ ရှိပါတယ်။

မူးယစ်ရမ်းကားတဲ့သူတွေကို ဖမ်းပြီးရင်တော့ ရဲစခန်းကို သူကိုယ်တိုင်မပို့ဘဲ အုပ်ချုပ်ရေးအဖွဲ့ဝင်ထဲက တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်လို့ဆိုတယ်။ အဲဒီမှာလည်း သူမှာ နာမည်ပြောင်တစ် လုံးရထားတာရှိသေးတယ်။ ပါဆယ်ပို့ သူတဲ့။

“ရဲစခန်းကတော့ လေးလေးကတော့ ပါဆယ် ပို့ပြီလေ… ဆိုပြီး ကျွန်မကိုအဲလိုပဲပြောကြတယ်” လို့ သူက ဆိုပါတယ်။

ဇောတိကဖွတ်မ ဆိုတဲ့ နာမည်ပြောင်ကတော့ အုပ်ချုပ်ရေးမှူးမဖြစ်ခင် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်နေကတည်းက ရထားတဲ့နာမည်ပါ။ သူကအရင်ကတည်းက ပရဟိတအလုပ်လုပ်ရတာကို ဝါသနာပါတဲ့သူလို့ ဆိုပါတယ်။

ဒါကြောင့်လည်း ရငဲရွာမှာရှိတဲ့ ဇမ္ဗူမေတ္တာ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှာ စေတနာ့ဝန်ထမ်း ဝင်လုပ်နေခဲ့တာပါ။ အဲဒီအဖွဲ့က ပရဟိတသမားတွေထဲမှာ အမျိုးသမီးဆိုလို့ သူ တစ်ယောက်တည်းပဲရှိတာပါ။

အဲဒီလို ပရဟိတတွေလုပ်နေသလို မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ အခြားလှူသင့်၊ လှူထိုက်တဲ့ သူတွေဆိုရင်လည်း လက်မနှေးဘဲ သူတတ်နိုင်သလောက် အမြဲလှူလေ့ရှိတာကြောင့် ဇောတိက ဖွတ်မဆိုတဲ့ နာမည်ပြောင်ဘွဲ့ကို ရထားတာပါလို့ သူက ရှင်းပြပါတယ်။

“ထမင်းစားရင်းနဲ့တောင်မှ တစ်ခုခုဖြစ်ပြီဆိုရင် ကျွန်မ ထလိုက်တယ်” လို့ ဆိုပါတယ်။

အခုလတ်တလော သူ့မှာ အခက်အခဲဖြစ်နေတာ တစ်ခုရှိပါတယ်။ ရွေးကောက်ပွဲကိစ္စပါ။

သူကရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေသေ ချာချာ နားမလည်ဘူးလို့ ဖွင့်ဟပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကိစ္စတွေ တခြားအုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူနားမလည်တာရှိရင် အရင်အုပ်ချုပ်ရေးမှူးဖြစ်သူနဲ့ တတ်သိသူတွေကို မေးမြန်းပြီး စီမံနေရတယ်လို့လည်း ဆိုပါတယ်။

အားသာချက်တစ်ခုကတော့ အရင်အုပ်ချုပ် ရေးမှူးဖြစ်သူတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ကျေးရွာ စာရေးကအစ သူ့ကိုဝိုင်းဝန်းကူညီ သင်ပေးကြတယ်လို့ ဆိုတယ်။

ရငဲရွာသူ၊ ရွာသားတွေကလည်း နဂိုကတည်းက ရပ်ရွာသာရေး၊ နာရေး၊ ပရဟိတကိစ္စဆိုရင် သူများရွာကသူတွေထက်ကို စိတ်အားထက်သန်ကြ တဲ့သူတွေဖြစ်နေတာကလည်း အားသာချက် တစ်ခုအဖြင့် သူကမှတ်ယူပါတယ်။

“ကျွန်မတို့ရွာမှာက တစ်ခုခုလုပ်တော့မယ်ဆိုရင် အရမ်းကို အားတက်သရောရှိကြတယ်။ အဲဒါက ကျွန်မတို့ ရွာရဲ့ အားသာချက် တစ်ခုပေါ့”

အမျိုးသမီးတွေကိုလည်း ကိုယ့်ကိုအနိုင် ကျင့်တာတွေ၊ ဖိနှိပ်တာတွေကိုလည်း အောင့်အီး မနေကြဖို့နဲ့ ပညာတတ်အောင်ကြိုးစားကြပြီး အမျိုးသားတွေနဲ့တန်းတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ ပါဝင်ဦးဆောင်နိုင်သူတွေဖြစ်ပေမဲ့ မပါဝင်ကြတဲ့အပေါ်မှာလည်း သူက အားမလိုအားမရ ဖြစ်နေပါတယ်။

သူကိုယ်တိုင် အမျိုးသမီးတစ် ယောက်ဖြစ်နေပေမဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ရဲရဲဝံ့ဝံ့တာဝန်ယူခဲ့သလို အခြားအမျိုးသမီးတွေကိုလည်း ဘယ်အလုပ် ပဲလုပ်လုပ် ရဲရဲဝံ့ဝံ့သာလုပ်ဖို့ သူက တိုက်တွန်းပါတယ်။

ကျော်သူစိုး