လိပ်ပြာလေးတွေက ပေးသောအတွေးများ

137
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မိုးရွာထားပြီးခါစအချိန်မို့ နည်းနည်းလေး စိုထိုင်းထိုင်းနိုင်ပေမဲ့ မြင်ကွင်းတစ်ခုလုံးက ရေဆေးထားသလို သစ်လွင် တောက်ပနေတယ်။ အိမ်အနီးဝန်းကျင် တစ်ဝိုက်မှာ ပွင့်နေတဲ့ရောင်စုံပန်းလေးတွေက သူ့အရောင်အဆင်းနဲ့သူ၊ သူ့ အလှနဲ့သူ ပွင့်လို့။ အနီရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ဗေဒါရောင် သူ့အမျိုးအစားနဲ့သူ အရောင်အမျိုးမျိုးနဲ့။ ခြံဝိုင်းထဲမှာ ပန်းပင်တွေအပြင် ဟင်းသီး ဟင်းရွက်တွေလည်း စိုက်ထားတာမို့ အစိမ်းရောင်က ပိုကဲနေတော့တယ်။

သည်းသည်းထန်ထန်မဟုတ်ဘဲ ဖွဲဖွဲလေး ရွာထားတဲ့မိုးကြောင့် ပန်းပွင့်တွေရဲ့ ပွင့်ချပ်တွေ ကြွေကျသွားတာမျိုး မရှိဘဲ ပန်းပွင့်တွေရဲ့ လတ်ဆတ်လှပမှုက ပိုပြီးရုပ်လုံးကြွနေခဲ့တယ်။ ပန်းပင် တွေကြားမှာ ဟိုဟိုဒီဒီ ပျံဝဲနေကြတဲ့ ရောင်စုံ လိပ်ပြာလေးတွေကို ငေးရင်း အတွေးတို့က ဟိုတစ်စ ဒီတစ်စ ဝဲလွင့်နေပြန်ပါပြီ။

အိမ်အနီးတစ်ဝိုက်မှာ ပန်းပင်တွေ အပြင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားတော့ ဒီနှစ်မိုးရာသီမှာ အရင်နှစ် တွေတုန်းကထက် လိပ်ပြာတွေ ပိုများတာ တွေ့ရပါတယ်။ အရွယ်အစားအမျိုး မျိုး၊ အရောင်အမျိုးမျိုးနဲ့ လိပ်ပြာလေးတွေဟာ စိုက်ထားတဲ့ ပန်းပင်တွေ၊ ဟင်းရွက်ပင်တွေကြားမှာ လူးလာခေါက်တုံ့ ပျံဝဲနေကြတယ်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

လိပ်ပြာ၊ ပျား၊ တီကောင်တို့ဆိုတာ သဘာဝပတ်ဝန်းကျင်ရဲ့ ကျန်းမာသန်စွမ်းမှုကို ကိုယ်စားပြုတဲ့အကောင်တွေလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ပြောတာကို မှတ်သားဖူးပါတယ်။ ဒီစကားအတိုင်းဆိုရင် အခုကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်က ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်လို့ ပြောလို့ရပါတယ်။

မြို့ပြနဲ့အလှမ်းဝေးပြီး ကိုယ်ခြံဝိုင်း နဲ့ကိုယ်နေနိုင်တဲ့ ကျေးရွာအစွန်အဖျားနေရာမို့ လိပ်ပြာတွေက လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ အခွင့်အရေး ရရှာကြသလို ကျွန်မလည်း လတ်ဆတ်သန့်ရှင်းတဲ့ လေကို ရှူရှိုက်ခွင့်ရနေတယ်ဆိုပါတော့။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းကို ငေးရင်း သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေဟာ အချင်းချင်း အမှီအခိုပြုနေကြရတယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို ပိုပြီးမှီခိုရပါသလဲလို့ တွေးနေမိတယ်။ လူသားမျိုးဆက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မှီခိုပြီးမှ အသက်ရှင်သန်ခွင့်ရနေကြတယ်ဆိုတာ လူသားတွေသိရော သိကြပါရဲ့လား။ ကိုယ်အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုကို ဘာဖြစ်လို့ ဖျက်ဆီးပစ်နေကြပါသလဲ။ လူတွေဟာ အသိဉာဏ်ရှိတဲ့ သတ္တဝါဆိုရင် ဘာဖြစ်လို့ ကိုယ့်သေတွင်းကိုယ်တူးတဲ့ သဘာဥပတ်ဝန်းကျင် ပျက်စီးစေမယ့် အလုပ်မျိုးကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေကြပါလိမ့်။

အတောင်ပံလေး တလှုပ်လှုပ်နဲ့ ပန်းပွင့်တွေပေါ်နားလိုက် ဟိုဟိုဒီဒီ ဝဲလိုက်နဲ့ လုပ်နေတဲ့အနက်မှာ အဝါစင်းဖောက်ထားတဲ့ လိပ်ပြာတစ်ကောင်ကို ငေးရင်း အတွေးထဲမှာ မေးခွန်းတွေက ပြွတ်သိပ်လာခဲ့တယ်။ တင်းကျပ်သလို ဖြစ်သွားတဲ့ ဝင်သက်ထွက်သက်ကို ဖြေလျှော့ဖို့ သက်ပြင်းတစ်ချက် ရှိုက်လိုက်တော့မှ နည်းနည်း နေသာထိုင်သာရှိ သွားတော့တယ်။

မျက်စိရှေ့က မြင်ကွင်းကို ပြန်ပြီး သတိထားမိချိန်မှာ၊ ဟော- စောစောက လိပ်ပြာအပြင် လက်သည်းခွံအရွယ် လောက်ရှိတဲ့ အဝါဆွတ်ဆွတ် လိပ်ပြာ စုံတွဲတစ်တွဲ ပျံလိုက်နားလိုက်နဲ့။ စောစောက အနက်အဝါဖောက်လေးက ခပ်ဝေးဝေးကို ပျံသွားပြီ။

လိပ်ပြာတွေက အရောင်စုံသလို အရွယ်အစားလည်းစုံတယ်။ လက်သည်း ခွံအရွယ်လေးကနေ လက်ဖဝါးအရွယ် လောက်အထိ အရွယ်အမျိုးမျိုး။ သူတို့တွေရဲ့ အရောင်စပ်ပုံက တကယ့်ကို ပန်းချီဆရာတွေ ဆွဲထားပေးတဲ့အတိုင်း ပါပဲ။ အများအားဖြင့် အနက်အပေါ်မှာ အဖြူ၊ အပြာ၊ အဝါ စတဲ့အရောင် တောက်တောက်တွေ ပြောက်ကျားဖြစ်နေတဲ့ အကောင်တွေ ပိုများတယ်။ အဝါ ရောင်တစ်မျိုးတည်းနဲ့ အကောင်တွေက အကောင်သေးလေးတွေ။ အုပ်စုလိုက် သွားကြလာကြတယ်။

ကမ္ဘာပေါ်မှာ လိပ်ပြာမျိုးစိတ်ပေါင်း နှစ်သောင်းကျော်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားတယ်တဲ့။ ကျွန်မအတွက်တော့ မျိုးစိတ်နှစ်သောင်းပဲဖြစ်ဖြစ် နှစ်သိန်းပဲဖြစ်ဖြစ် သိပ်အရေးမကြီး လှပါဘူး။ အရေးကြီးတာက လိပ်ပြာတွေကို မြင်ရတိုင်း စိတ်ချမ်းသာလို့ သူတို့လေးတွေကို နေ့တိုင်းမြင်ခွင့်ရနေဖို့ပါပဲ။ သူတို့လေးတွေ ပန်းပွင့်တွေပေါ်နားလိုက်၊ ဝဲကာလွင့်ကာပျံလိုက် လုပ်နေတာကို ကြည့်ရတာ စိတ်ထဲမှာ ငြိမ်းချမ်းမှုနဲ့ အကြည်ဓာတ်လေးတွေ စုဆောင်းမိစေပါတယ်။

ဒါပေမဲ့ ဒီလောက်လှတဲ့ လိပ်ပြာလေးတွေက ကိုယ့်အလှကို ဘယ်တော့မှ မမြင်နိုင်ကြဘူးတဲ့။ လှပတဲ့ အတောင်ပံက နောက်ကျောမှာ ရှိနေမှတော့ ဘယ်လို လုပ်ပြီး မြင်နိုင်မှာလဲနော်။ တချို့လူတွေကလည်း အဲဒီလိုပါပဲ။ ကိုယ့်အလှ ကိုယ့်ဘဝရဲ့ တန်ဖိုးကိုမမြင်ဘဲ ကိုယ့်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကိုပဲ ရွေးမြင်မိတတ်ကြတယ်။ ကိုယ့်ဘဝရဲ့ တန်ဖိုးအလှကို မမြင်တဲ့အတွက် ဘဝကို အရှုံးပေးလိုက်ကြတဲ့သူတွေလည်း အများကြီးပါပဲ။

ဟိုတလောက အိန္ဒိယနိုင်ငံက ဘောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ယောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ ဖတ်ရတော့ စိတ်မကောင်းလိုက်တာ။ စိတ်ဓာတ် ကျသူတို့ ထုံးစံအတိုင်း ဆက်လက်အသက်ရှင်ဖို့ အဓိပ္ပာယ်မရှိတော့ဘူးလို့ သူကိုယ်သူ ယုံကြည်နေမှာပေါ့။ ကျွန်မတို့မှာတော့ သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကြည့်ပြီး၊ သူ့ကို သဘောကျ လိုက်ရတာ၊ အားပေးလိုက်ရတာ၊ အထင် ကြီးလိုက်ရတာ။ အဲဒီလိုသူ့ကို အထင်ကြီးအားကျတဲ့ ပရိသတ်တွေက အများကြီးပဲလေ။

ဒါပေမဲ့ သူ့ဘဝရဲ့ ကောင်းမွန်တဲ့ အရာအားလုံးကို သူမေ့သွားပြီး အဆင်မပြေတဲ့ အဖြစ်အပျက်တွေကိုပဲ သူတွေး နေတော့ နောက်ဆုံးဘဝကို အဆုံးသတ်လိုက်တဲ့အထိ ဖြစ်သွားခဲ့ရတယ်။

ကိုယ့်အလှကို ကိုယ်မမြင်တဲ့ လိပ်ပြာတွေလိုများ ဖြစ်နေမလား။ ဒါပေမဲ့ လိပ်ပြာလေးတွေကတော့ သူ့အလှကို မြင်ရတာ မမြင်ရတာ သူ့အတွက် အရေးကြီးပုံမရပါဘူး။ ဝတ်ရည်စုပ်ဖို့အတွက်ပဲ တလှုပ်လှုပ် ပျံသန်းနေကြတော့တာပါပဲ။ လိပ်ပြာလေးတွေကိုကြည့်ရင်း အတွေးတွေ က ဟိုတစ်စ ဒီတစ်စနဲ့ ပြန့်ကျဲနေလိုက်တာ။

မြင်ကွင်းကို သတိပြန်ထားမိတော့ စောစောက အဝါစုံတွဲလေး မရှိတော့။ လက်ဖဝါးအရွယ်လောက်ရှိတဲ့ တစ်ကောင် ထပ်ရောက်လာပြန်တယ်။ သူ့အရောင်က သူများထက် ထူးခြားနေသလိုပဲ။ အနက်ခံပေါ်မှာ ကြေးနီရောင်အကွက် လေးအပြင် အဝါနဲ့ အနီလိုလို လိမ္မော် လိုလို အရောင်လေးတွေလည်းစွက်နေတယ်။ လိပ်ပြာတွေထဲမှာ တော့်တော့်ကို လှတဲ့အကောင်ပါပဲ။ ဒီလိုအရောင်မျိုးနဲ့ လိပ်ပြာပုံကို ကျွန်မ ဘယ်မှာများ မြင်ဖူးတာပါလိမ့်။

ပန်းချီကားလား၊ ဓာတ်ပုံ လား။ မှတ်ဉာဏ်က ကွက်ခနဲ ကွက်ခ နဲ ပုံဖော်ရင်းနဲ့ စာအုပ်တစ်အုပ်ကို ပြေးမြင်မိတယ်။ ဆရာတော်ဦးဇောတိက ရေးတဲ့ “ဘဝ၏အဆင့်အတန်း၊ သဘော ထားကြီးပါတယ်” ဆိုတဲ့ စာအုပ်ရဲ့အဖုံးပဲ။ အဲဒီစာအုပ်အဖုံးမှာပါတဲ့ လိပ်ပြာပုံ က တော့်တော့်ကိုလှတယ်။

စာအုပ်အဖုံးကို သတိရမိတာနဲ့ အတူ စာအုပ်ထဲမှာပါတဲ့ စာသားတချို့ကိုလည်း သတိရမိပြန်တယ်။ လူသားတွေဟာ အသိဉာဏ်ပညာ ကွာခြာသလောက် ဘဝအဆင့်အတန်း၊ တန်ဖိုး ထားမှုတွေလည်း ကွဲပြားသွားကြတယ် ဆိုတာကို လိပ်ပြာနဲ့ တီကောင်ကို နှိုင်းယှဉ်ပြီး ဆရာတော်က ဥပမာပေးထား ပါတယ်။

“လိပ်ပြာတစ်ကောင်ရဲ့ မြင်ကွင်းက အရောင်အမျိုးမျိုး၊ ပန်းအမျိုးမျိုး၊ သစ်ပင်အမျိုးမျိုး သူမြင်ရတယ်။ တီကောင် တစ်ကောင်ရဲ့ မြင်ကွင်းဟာ ဘယ်လောက် ရှိလဲ။ ဘာမှမရှိဘူး။ လင်းတာနဲ့မှောင် တာလောက်ပဲ ရေးတေးတေးပဲ သူသိတယ်နော်” ဆရာတော်ရေးထားတဲ့ ဒီ စာသားကို ပြန်သတိရမိတော့ ဘဝအဆင့် အတန်းဆိုတာ ဘာပါလိမ့်လို့ တွေးမိပြန်တယ်။ လူတွေ သတ်မှတ်ထားတဲ့ ဘဝအဆင့်အတန်းဟာ အစစ်အမှန်ရော ဟုတ်ပါရဲ့လား။

တချို့လူတွေက လိပ်ပြာနဲ့တူတယ်။ အရောင်အမျိုးမျိုး၊ မြင်ကွင်းအမျိုးမျိုးကို မြင်နိုင်ဖို့ ခံစားနားလည်နိုင်ဖို့ သတိနဲ့ အသိဉာဏ်ပညာကို အမြင့်ဆုံးရောက်အောင် ကြိုးစားကြတယ်။ တချို့ကတော့ မြေကြီးကိုပဲ စားပြီး၊ အလင်းနဲ့ အမှောင်လောက်ကို ရေးတေးတေးသိတဲ့ တီကောင်လိုလူသားပေါ့။ စားဝတ်နေ ရေးကလွဲပြီး ဘယ်လိုအသိဉာဏ်ပညဥမျိုးမှ လေ့လာဆည်းပူးဖို့ သတိမရကြရှာဘူး။ တန်ဖိုးထားမှုတွေ မတူညီကြရင် ဘဝကိုအဓိပ္ပာယ်ဖွင့်ဆိုပုံလည်း မတူညီကြတော့ဘူး။

ဆရာတော်ကပြောတယ်။ “ကိုယ် တန်ဖိုးထားတာနိမ့်ရင် နိမ့်တဲ့ဘဝမျိုး ကိုပဲ ပုံဖော်မိမယ်။ အသိဉာဏ်နဲ့စိတ်ဓာတ်မြင့်သွားလေလေ၊ လောကကြီးဟာ ပိုပြီးတော့ အဓိပ္ပာယ်တွေ နက်နဲ လာလေလေပဲ” တဲ့။

ကျွန်မကရော။ ဘယ်လိုတန်ဖိုးထားမှုမျိုးနဲ့ ဘဝကို ဖြတ်သန်းနေတာပါလိမ့်။ အသိဉာဏ်နဲ့စိတ်ဓာတ်မြင့်မား ဖို့ကို ကြိုးစားဖို့မေ့နေပြီး အရေးမကြီးတဲ့ အကာအလုပ်တွေနဲ့များ အချိန်ကုန်နေတာလား။ ကျွန်မက တီကောင်လား၊ လိပ်ပြာလား။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့အများကြီးလိုနေသေး တယ်ဆိုတာကို တွေ့လိုက်ရတယ်။


ပြန်သတိထားမိချိန်မှာ ရောင်စုံလိပ်ပြာလေးက ပန်းပွင့်ပေါ်မှာ ရှိမနေတော့။ အဲဒီအနားမှာ ပေါက်နေတဲ့ သင်္ဘောပင်ရဲ့ ထိပ်ဖျားမှာ အတောင်ပံလေး လှုပ်တုပ်လှုပ်တုပ်နဲ့ ငြိမ်သက်နေရှာတယ်။ ကျွန်မက လိပ်ပြာအကြောင်းကို သုတေသန ပြုလုပ်နေသူ မဟုတ်သလို လိပ်ပြာတွေအကြောင်းလည်း ဂဃနဏ မသိပါဘူး။ လိပ်ပြာတွေက ဘယ်လိုနေထိုင်ပြုမူကြတယ်။ ဘယ်ဟာ အဖို၊ ဘယ်ဟာအမ စတဲ့ လိပ်ပြာနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတတောင် မရှိရှာဘူး။

ဒါပေမဲ့ ကျွန်မလိပ်ပြာလေးတွေကို ချစ်တယ်။ လိပ်ပြာလေးတွေကို မြင်နေရရင် စိတ်ချမ်းသာတယ်။ တိတ် ဆိတ်အေးချမ်းတဲ့နေရာမှာ လိပ်ပြာလေးတွေကို ကြည့်ပြီး အတွေးတွေ ဝေ့ဝဲလွင့်မျောရတာကို နှစ်သက်တယ်။ လိပ်ပြာလေးတွေက ကျွန်မဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာကို ကျေနပ်တယ်။ လိပ်ပြာလေးတွေ ကြားနိုင်မယ်ဆိုရင် တိုးတိုးလေးလှမ်းပြောလိုက်ချင်တယ်။ “ချစ်တယ်–” လို့။ ။

နီမာဦး (အံဒင်)