စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

0
1431
Dawei Watch, Dawei News, Dawei News Media

ထားဝယ်၊ စက်တင်ဘာ ၁၈ – Dawei Watch

တနင်္သာရီတိုင်းအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ရောင်းချမှုကို ပိတ်ပင်ကာ ပါဆယ်သာရောင်းချရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၂ ဦးရှိကြောင်း တိုင်းကိုဗစ်ကော်မတီထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်သည့် မကြာမီရက်ပိုင်းအတွင်း တရားဝင်အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ကိုဗစ်ကပ်ဘေး ပထမလှိုင်းဖြစ်ပွားစဉ်ကလည်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်သာရောင်းချရန် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းနောက် ကိုဗစ်ကူးစက်မှု အနည်းငယ်ငြိမ်သက်သွားချိန်တွင် ဆိုင်ထိုင်စားသောက်သည့်စနစ်ကို စည်းကမ်းသတ်မှတ်ချက် များဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။