ကိုဗစ်ဒုတိယလှိုင်းရဲ့ သတိပေးသံ

0
469

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရဲ့ ကူးစက်မှု အခြေအနေတွေကတော့ စိုးရိမ်ကြရမယ့် အနေအထားလို့ ဆိုကြရပါမယ်။ မိုးသက်မုန်တိုင်း ကြီးကြီးမားမား မတိုက်ခင် အစပျိုးနေတဲ့ အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ မြင်ပါတယ်။

ကိုယ့် တနင်္သာရီတိုင်းဒေသကြီးကို တိုက်ရိုက် မထိခိုက်လာသေးပေမဲ့လို့ ပတ်ဝန်းကျင်တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တွေ၊ အထူးသဖြင့် ရခိုင်နဲ့ ရန်ကုန်မှာ ကူးစက်ပျံ့နှံ့နှုန်းနဲ့ အခြေအနေတွေ အရရော၊ ကိုယ့်ဘက်က ပြည်သူတွေရဲ့ အသိပညာရေချိန်နဲ့ စည်းကမ်းမလိုက်နာမှု၊ ဥပဒေအရရော စည်းကမ်းထိန်းသိမ်းရေးပါ လျော့ရဲနေမှု အခြေအနေတွေအပြင် ရောဂါဘေးထက် ဝမ်းစာရေးကို အဓိကထား ဖြေရှင်းနေကြရတဲ့ ပြည်သူ့ဘဝ အနေအထားတွေကြောင့် မနှေးအမြန် သူတို့လို အနေအထားမျိုး ကျွန်တော်တို့တွေ ရင်ဆိုင်လာကြရမယ်လို့ ယုံကြည် ထားပါတယ်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

မလွဲမသွေ လာမယ့်ဘေးကို ပြင်ဆင်ထားကြရမှာ မနည်းလှပါဘူး။

အခြားသဘာဝဘေးတွေနဲ့ မတူတဲ့ ကိုဗစ်ဘေး
သည်ဘေးအန္တရာယ်ဟာ လူသိန်း ပေါင်းများစွာသေခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း ဘေးနဲ့မတူသလို တနင်္သာရီမြစ်ရေကြီး တာနဲ့လည်း မတူပါဘူး။ အခြားသော သဘာဝဘေးတွေဟာ ဒေသအလိုက်နဲ့ အချိန်အလိုက် နေရာဒေသ တစ်ခုခုမှာ သတ်သတ်မှတ်မှတ် ဖြစ်ကြတာဖြစ်လို့ အားလုံးသော ရင်းမြစ်တွေကို စုပြီး အဲသည်ဒေသကို ပို့ပြီး ကယ်ဆယ်ရေး၊ ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးတွေကို တစ်ချက်ချင်း စနစ်တကျ လုပ်ဖို့ အချိန်ရသလို ရင်းမြစ်တွေလည်း မထိခိုက်ပါဘူး။ ပုံမှန်ဘဝနဲ့ စီးပွားရေး ပျက်မသွားတဲ့ ဒေသတွေက ပရဟိတစိတ်နဲ့ ဘေးဒဏ်ခံ ဒေသရဲ့ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင် နိုင်ခဲ့ပါတယ်။

အခု လာမယ့်ဘေးက အဲသလို မဟုတ်ပါဘူး။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တစ်ကမ္ဘာလုံးအနှံ့ လူမျိုးဘာသာ မရွေး ထိခိုက်ပြီး နိုင်ငံတိုင်းက နိုင်ငံသားတိုင်း ယုတ်လတ်မြတ်မရွေး ရင်ဆိုင်ကြရတာမို့ အခက်အခဲတွေက ပိုပါ်တယ်။ ထိုအတွက် ပြင်ဆင်ကြရမှာ များပါတယ်။
အဆင့်အလိုက် ပြင်ကြဆင်ကြရမှာတွေ တွေးကြည့်ရင်ကို မနည်းလှပါဘူး။ တစ်ကိုယ်ရေ ဖြေရှင်းရမှာ ရှိသလို ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ရပ်ကွက်၊ မြို့ပြနဲ့ တိုင်းဒေသကြီး၊ နိုင်ငံအဆင့်အလိုက် ပြင်ကြဆင်ကြရမှာ မနည်းပါဘူး။

ကိုဗစ်ရဲ့ ပထမလှိုင်း ရိုက်ခတ်စဉ်မှာ ကျွန်တော်တို့တွေရဲ့ နိုင်ငံဟာ ကံကောင်းခဲ့ကြတယ်လို့ ဆိုရပါမယ်။ နိုင်ငံရပ်ခြားကနေ နိုင်ငံတွင်း ဝင်လာတဲ့ (Input Case) တွေကို ရှာဖွေဖော်ထုတ် ထောက်လှမ်းပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို အရပ်ဘက်နဲ့ အစိုးရတို့ လက်တွဲညီညီနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့ကြတယ်။

အဲသည်ကတည်းကိုက ပညာရှင်တွေက သည်စစ်ပွဲသည် ရေရှည် စစ်ပွဲ ဖြစ်တယ်။ မာယာများတဲ့ ဗိုင်းရပ်စ်မျိုး ရယ်လို့ တင်စားကြတဲ့ RNA အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်သည် မျိုးရိုးဗီဇ (Genetic Mutation) ဖြစ်ကာ အသွင်အမျိုးမျိုးပြောင်းနိုင်ပြီး ကာကွယ်ထိန်းချုပ်ရ အလွန်ခက်ခဲနိုင်ပါတယ်လို့ ရှေးဦး မဆွကတည်းကိုက သတိ အကြိမ်ကြိမ် ပေးခဲ့ကြတာပဲဖြစ်တယ်။

ကံကောင်းစွာနဲ့ ပထမလှိုင်းကို ကျွန်တော်တို့တွေ စည်းလုံးစွာနဲ့ ဝိုင်းဝန်း ကာကွယ်ထိန်းချုပ် နိုင်ခဲ့ကြတယ်။ပြည်တွင်း၊ ဒေသတွင်း ကူးစက်မှု(Local Transmission) လို့ဆိုတဲ့ ခရီးသွား ရာဇဝင်မရှိဘဲ ကူးစက်မှုတွေ မရှိသလောက် နည်းခဲ့တယ်။ ကူးစက်မှုတွေ ဖြစ်ပေါ် နေတဲ့ ပြည်ပနိုင်ငံများမှ ပြန်လာကြသူတွေကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေဖြစ်တဲ့ (Fever Surveillance) နဲ့ (Quarentine) အဖြစ် ရောဂါပျိုးရက် ကျော်သည်အထိ သီးခြား ခွဲထားခြင်း စတာတွေအပြင် အရပ်ဘက်က ပူးပေါင်းတဲ့ ဒေသတွင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး စောင့်ကြည့်စခန်းတွေ အနှံ့အပြားဖွင့်ကာ တက်တက်ကြွကြွ ပါဝင်ဝန်းရံ ထောက်ကူမှု ပေးကြခြင်းတွေက တံတိုင်းကြီးတွေပမာ ကာကွယ်ပေးနိုင်ခဲ့ကြတာ မို့လည်း ကိုဗစ်ရဲ့ ပထမလှိုင်း ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ကြတယ်။

ကမ္ဘာ့စီးပွားရေးကလည်း အချိန်တိုလေးမှာ တအား မထိခိုက်သေးတဲ့ချိန်မို့ ပြည်သူတွေအများစု၊ အဓိကအားဖြင့် ပြည်ပမှာ အခြေချ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာတွေအဖို့ တအား အကျပ်အတည်း မတွေ့သေးတာကလည်း ပထမလှိုင်း မကြီးမားခဲ့တဲ့ အချက်တွေထဲ တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ လက်ရှိ ရောက်နေကြတဲ့ နိုင်ငံ၊ နေမြဲဒေသမှာပဲ အခြေအနေကို ကောင်းလာလိမ့်နိုးနဲ့ စောင့်ကြည့်နေကြတယ်။ အချိန်အတိုင်း အတာတစ်ခုအထိ ရောက်တဲ့ နိုင်ငံမှာနေရင်း တောင့်ပြီး ကြံ့ကြံ့ခံနိုင်ခဲ့ကြ တယ်။ အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးတွေ ခက်လာ၊ အခက်အခဲ ရှိလာကြပါတယ်ဆိုတဲ့ တရားဝင် သွားခဲ့ကြသူတွေအတွက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ အခါခါ အခေါက်ခေါက် ပြန်လည်လက်ခံ ကြိုဆိုပြီး သူတို့ဆီက ရောဂါသယ်ဆောင်လာ သူတွေကို ကြပ်ကြပ်မတ်မတ် စောစီးစွာ ရှာဖွေဖော်ထုတ် ၊ စစ်ဆေး ထိန်းချုပ်ရင်း ကူးစက်ရောဂါ ကူးစက်မှုကို နိုင်နိုင်နင်း နင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့ကြတယ်။

ရွှေ့ပြောင်းလုပ်သားတွေနဲ့ အကျပ်အတည်း
ရက်ကာလတွေ ကြာလာတာနဲ့အမျှ မူရင်းမဆွကမှ တရားမဝင် ထွက်သွားကြတာတွေဖြစ်နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေအဖို့ အကျပ်အတည်းတွေ ရင်ဆိုင်လာကြရသလို တစ်ချိန်တည်းမှာ အစိုးရရဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ်ရေးမှာ ပူးပေါင်းကူညီနေကြတဲ့ ပြည်တွင်းက အရပ်ဘက် အင်အားစုတွေလည်း ရင်းမြစ်တွေ လျော့နည်းလာတယ်။ မထိန်းချုပ်နိုင်တဲ့ နယ်စပ်တစ်လျှောက်က ဝင်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးအရာက ကူးစက်မှု အကြီးအကျယ်ဖြစ်လာနိုင်ကြောင်း ပညာရှင်တွေ အကြိမ်ကြိမ် သတိပေးထောက်ပြ နေပေမဲ့ ထိန်းချုပ်နိုင်မယ့် အစီအမံတွေ လျော့နည်းခဲ့ကြတယ်။ တချို့နေရာတွေမှာ လူမှောင်ခိုလမ်းကြောင်းတွေ ဖြစ်ပြီး တရားမဝင် ထွက်ခွာသွားကြသူတွေ၊ တရားမဝင် လမ်းကြောင်းတွေကတဆင့် မြန်မာနိုင်ငံအနှံ့ကို ပြန်လည်ဝင်ရောက် လာကြတယ်။

သည်လို နေရပ်ပြန်တွေရဲ့ စည်းရိုးကျိုးပေါက်မှုကို ကျွန်တော်တို့တွေဘက်က အစိုးရဘက်ကရော၊ အရပ်ဘက် အဖွဲ့တွေကပါ သတိထားမိပေမဲ့လို့ အရင်လှိုင်းကို ထိန်းချုပ်နိုင်ခဲ့ကြသလို အရင်လှိုင်းရဲ့ မပြင်းထန်မှုကြောင့် အလေးတယူ သိပ်မရှိကြတာရော၊ လူအင်အား၊ ပစ္စည်းအင်အားနဲ့ ငွေကြေးအင်အား ချို့တဲ့လာမှုကြောင့်ပါ အရင်ကလို ဝီရိယ စိုက်ထုတ်မနိုင်တော့ဘဲ ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ပျက်ကွက်ခဲ့ကြတယ်။

ပြီး စစ်မျက်နှာကျယ်ပြန့်လာတဲ့အပြင် ရင်းမြစ်တွေကလည်း အချိန်ကာလ အပေါ်တည်ပြီး လျော့နည်းလာကြတာ ကလည်းဒုတိယလှိုင်း ကြီးမားလာရခြင်း ရဲ့ အကြောင်းတစ်ခုဖြစ်တယ်။

တိတ်တဆိတ် စောင့်နေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရာအနှံ့ တိတ်တဆိတ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာကြတယ်။ ဒေသတွင်း ကူးစက်မှုတွေ ရှိလာသလို ရောဂါပိုး ကူးစက်ခံထားရသူ တစ်ဦးလျှင် အနည်းဆုံး သုံးဦးကို ဖြန့်ဝေကြရင်း ရာဂဏန်းမှသည် ထောင်ဂဏန်းအထိ အလျင်အမြန် တိုးပွားကူးစက်လာကြရတဲ့ အခြေအနေတွေဖြစ်လာပါ တယ်။

ပထမဆုံး အစကို ဆွဲထုတ်နိုင်ခဲ့တဲ့ ရခိုင်ဒေသက ကူးစက်မှုရဲ့ စင်တာလို ဖြစ်ခဲ့ပေမဲ့လို့ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်လာနိုင်တာနဲ့အမျှ ရန်ကုန်လို မြို့ပြတွေမှာ ရောဂါပိုးကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာကြပြီး ဒေသတွင်း ကူးစက်မှုတွေ ဖြစ်နေကြတာကလည်း အမြောက်အမြား တွေ့လာပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ သည်နေ့ ၁၁-၉-၂၀၂၀ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ အတည်ပြုလူနာသစ် ၁၁၅ ဦး၊ ရောဂါပိုး တွေ့သူ စုစုပေါင်းဦးရေက ၂၂၆၅ ဦး၊ ပိုးတွေ့သူများမှ သေဆုံးသူ ၁၄ ဦး ရှိခဲ့ပြီလို့ သိရပါတယ်။ ရခိုင်ဒေသ အပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ အပါအဝင် ဒေသအတော်များများမှာ ရောဂါပိုးတွေ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့် ပြန့် တွေ့လာခဲ့ရပါတယ်။

သည်အခြေအနေတွေနဲ့ ရောဂါပိုးပျံ့နှံ့နှုန်းအရ သည်ဘက် တနင်္သာရီတိုင်းဒေသကြီးဘက်မှာလည်း ကူးစက်ပျံ့နှံ့နေနိုင်တဲ့ အကြောင်းခြင်းရာတွေ မူရင်းမဆွကတည်းကိုက ရှိနေပြီးဖြစ် တဲ့အတွက်လည်း နေ့စဉ် ကြားနေကြရတဲ့ ကိုဗစ်-၁၉ ရဲ့ ကူးစက်မှု သတင်း တွေနဲ့ အခြေအနေတွေကိုတော့ကျလာ လုလု သဘာဝဘေးတစ်ခုရဲ့ သတိပေးသံအဖြစ် သတိကြီးစွာနဲ့ လက်သင့်ခံကြရ ပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက်ပါ စိုးရိမ်ကြရမယ့်အနေအထား၊ မိုးသက်မုန်တိုင်း ကြီးကြီးမားမား မတိုက်ခင် အစပျိုးနေတဲ့ အခြေအနေမျိုး နဲ့ဆင်တူနေတယ်လို့လည်း ဆောင်းပါးအစမှာ ဆိုခဲ့ပါတယ်။

ကူးစက်လူနာ တစ်ထောင်ပြည့်ဖို့ ရက်ပေါင်း ၁၆၃ ရက်ကြာခဲ့ပေမဲ့လို့ တစ်ထောင်ကနေ နှစ်ထောင် ဖြစ်လာဖို့ ခုနစ်ရက်ပဲကြာပါတယ်။ ကူးစက်မှု ဂရပ်ဖစ်မျဉ်းရဲ့ ထောင်တက်သွားမှုဟာ ကြောက်ခမန်းလိလိပဲဖြစ်တယ်။ သည်ကူးစက်နိုင်မှုကို လျှော့ချနိုင်ဖို့ရာ လွန်စွာအရေး ပါလှတယ်။

နောက် မရှိလှပါဘူးဆိုတဲ့ သေပျောက်နှုန်းဟာလည်း ရုတ်ချည်း ထောင်တက်လို့လာသလို အသက်ရှူ အားကူစက် Ventilator တွေ တင်ထားရတဲ့ စိုးရိမ်လူနာတွေရဲ့ ကိန်းဂဏန်းနဲ့ စိုးရိမ်ရတဲ့ လူနာတွေကလည်း များပြား လာပာတယ်။ သည်ကြားထဲ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနေကြရသူတွေ ကိုယ်တိုင် ကိုဗစ်ရဲ့တိုက်ပွဲမှာ အထိ အခိုက်တွေ ရှိလာပါတယ်။

ရောဂါပိုးရဲ့ ပရမ်းပတာ ကူးစက်နေမှုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်မှ ကူးစက်ပြီးဖြစ်တဲ့ သူတွေကို ကုသမှုပေး အသက်တွေကယ်ဖို့ရာ အာရုံစိုက်နိုင် မှာဖြစ်တယ်။ ကူးစက်မှုကို ထိန်းချုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက အတတ်နိုင်ဆုံး မလိုအပ်ဘဲ လမ်းမထွက်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ လိုအပ်လို့ ထွက်ရရင်လည်း မျက်နှာအကာအကွယ် Mask တွေတပ်ဖို့၊ Social distancing ကိုလိုက်နာဖို့၊ လူစုလူဝေးမပြုကြဖို့ပဲ ဖြစ်တယ်။ ဒါဟာ ကူးစက်မှုကို လျှော့ချနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

နောက် ကူးစက်ခံနေကြရပြီး ဒေသတစ်ခုမှာ ရင်ဆိုင်လာကြရမယ့် အနေအထားတွေကို လူတစ်ဦး ချင်းစီအလိုက် ရော၊ မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့ပြအလိုက်၊ တိုင်းဒေသကြီးအလိုက် ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။ လတ်တလောသော်မှ လေကြောင်းလမ်းတွေ ပိတ်ပြီဖြစ်ပြီး ခရီးသည်တင် ကားတွေ ပိတ်လိုက်ပြီဖြစ်လို့ ဒေသအလိုက်၊ မြို့အလိုက် အခက်အခဲနဲ့ ပြဿနာတွေ ရင်ဆိုင်လာကြရဖို့ ရှိနေပါတယ်။ မိမိ ဝမ်းစာရေး၊ မိသားစု ဝမ်းစာရေးမှသည် နေထိုင်စားသောက်ရေးမှာပါ များစွာသော အပြောင်းအလဲတွေ ဖြစ်လာနိုင်တာကိုလည်း တွက်ဆ ထားကြဖို့ လိုအပ်ပါတယ်။

ပိုးတွေ့လူနာအဖြစ် ဂဏန်းတစ်ခု တပ်ပြီး ကိုယ့်ကို ဆေးရုံလာခေါ်တဲ့အချိန်မှာ ဘာတွေ ပြင်ဆင်ထားကြရ မလဲ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့သူဖြစ်လို့ Q center ကို အပို့ခံရရင် ဘာတွေ ပြင်ဆင်ထားကြရမလဲဆိုတာအပြင် ကိုယ့်မိသားစုရဲ့ စားဝတ်နေရေးကိုပါ ထည့်သွင်းစဉ်းစားပြင်ဆင်ထားကြရမယ့် အချိန်လည်းဖြစ်ပါတယ်။

နောက် ပိုးတွေ့လူနာနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ နေမိလို့ လမ်းတွေ၊ အသွားအလာတွေ ပိတ်ဆို့ ကန့်သတ်ခံ ရချိန်မှာ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ကြရမှာတွေအပြင် ကိုယ့်စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ရုံ အနေအထားကနေ လုံးဝ ရပ်ဆိုင်းခဲ့လျှင် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့ အချက်တွေကိုပါ စဉ်းစားပြင်ဆင် ထားကြရမှာ ဖြစ်နေပြန်ပါတယ်။

ဒါ တစ်ယောက်ချင်း၊ တစ်မိသားစုချင်းက ပြင်ဆင်ကြရမယ့် အရေးအရာ တွေဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူတွေ၊ မြို့နယ် တာဝန်ရှိသူတွေဘက်ကလည်း အဲသည်ကာလမှာ စားနပ်ရိက္ခာအရေး ကစလို့ အလုပ်လက်မဲ့တွေ ဖြစ်လာကြ သူတွေအတွက် ကုစားနိုင်မယ့် နည်းလမ်းတွေ ကြိုတင်စဉ်းစားကြရမှာ ဖြစ်သလို ကျန်းမာရေးဘက်ကလည်း ကူးစက်မှု ကွင်းဆက်ကို ဖြတ်နိုင်ဖို့ ထောက်လှမ်းခြင်း၊ ရှာဖွေဖော်ထုတ်ကုသခြင်း လုပ်ငန်းတွေ အများကြီးပိုပြီး လုပ်လာကြရမှာ မလွဲပါဘူး။

သည့်အတွက် ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တဲ့ ပထမဆုံးနဲ့ အရင်းနှီး အနည်းဆုံးက တစ်ကိုယ်ရေ မကူးစက်အောင် ကာကွယ်ဖို့ပဲဖြစ်တယ်။ မလိုအပ်ဘဲ လမ်းမထွက်ဖို့၊ လက်ကို မကြာခဏ စနစ်တကျ ဆပ်ပြာနဲ့ဆေးဖို့၊ လူစုလူ ဝေးရှောင်ရှားဖို့စတာတွေဖြစ်တယ်။ ကိုယ့်အိမ်မှာ စိုးရိမ်ရတဲ့ အသက်အရွယ် အုပ်စုတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ နဲ့ ရောဂါအခံရှိသူတွေအဖို့က ပိုလို့ လိုက်နာကြရမယ့် အချက်တွေပဲဖြစ်ပါတယ်။

ဌာနဆိုင်ရာတွေနဲ့ အစိုးရဘက် အပေးအယူ အချိတ်အဆက်မိမိ စနစ်တကျ အချိန်ကိုက် အလုပ်လုပ်နိုင် ကြဖို့ရာ ကြိုတင်ပြင်ဆင်ကြရမှာတွေ ရှိပါတယ်။ ကိုယ်မြင်ရာကိုယ် ကောင်းမယ်ထင်သလို လုပ်ရင်းက ပွတ်တိုက်မှု အချို့ ရန်ကုန်မှာ တွေ့ကြရပါတယ်။ ကူးစက်မှုကို ဆက်လက်မဖြစ်ဖို့ ကန့်သတ်ထိန်းချုပ်နိုင်ပြီးချိန်မှာမှ လုပ်ကြရမယ့် ထိန်းချုပ်ထားတဲ့ ဒေသအတွင်း မှာမှသာ စနစ်တကျ လုပ်ကြရမယ့် Fever Surveillance လုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရက အမိန့်နဲ့ စေခိုင်းလို့ မလိုလားအပ်ပါဘဲ ကျန်းမာရေး ဝန်ထမ်းတွေ ဝန်ပိသလို အဲသည်အတွက် အပြန်အလှန် အငြင်းပွားနေ ကြတာတွေကလည်း ကြိုတင်ပြင်ဆင်မှု၊ အပြန်အလှန် အချင်းချင်း အချိတ်အဆက်နဲ့ ညှိနှိုင်းတိုင်ပင်မှု အားနည်းတာကြောင့်ရယ်လို့ပဲ ဆိုနိုင်ပါတယ်။

အခြားသော တာဝန်ရှိသူအဆင့် ဆင့်ကလည်း လုပ်ငန်းစီမံချက် အဆင့်ဆင့်နဲ့ စနစ်တကျ ဘယ်အခြေအနေမှာ ဘာတွေလုပ်လို့ ဘယ်လို ရင်ဆိုင်ကြ မယ်ဆိုတာမျိုး အသေအချာ ပြင်ဆင်ဖို့ အချိန်ရောက်နေပြီလို့ပဲ ဆိုပါရစေလား။

ကိုရိုးဆေး