ကရင်ပါတီ ဝင်မပြိုင်သည့်နေရာတွင် မွန်နှင့် ပအိုဝ်းပါတီတို့ကို မဲပေးရန် ကရင်လူငယ်ကွန်ရက် တိုက်တွန်း

0
329

ကရင်နိုင်ငံရေးပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တို့တွင် မွန်လူမျိုးကိုယ်စားပြု မွန်ပါတီနှင့် ပအိုဝ်း လူမျိုးကိုယ်စားပြု ပအိုဝ်းပါတီတို့ကို မဲပေးကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်)က တိုက်တွန်းလိုက်သည်။

တိုင်းရင်းသားတို့၏အရေး၊ တိုင်းရင်းသားတို့၏ ပြဿနာကို တိုင်းရင်းသားတို့ကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများကို မဲပေးကြရန် တိုင်းရင်းသားမဲဆန္ဒရှင်တို့ကို တိုက်တွန်းခြင်းဖြစ်သည်ဟု ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) တာဝန်ခံ စောသောကြာက ပြောသည်။

“မြန်မာပြည်မှာက နှစ်ရှည်လများ က တိုင်းရင်းသားအရေးအရာပဲ ဖြစ်နေတယ်ဆိုတော့ အခု ကျွန်တော်တို့ တိုင်း ရင်းသားအရေးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေပဲ ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် မွန်ပြည်နယ်ထဲမှာ ကရင်ပါတီ ဝင်မပြိုင်တဲ့နေရာမှာ ကရင်မဲဆန္ဒရှင်တွေက တခြား သော မဟာမိတ်ပေါ့လေ၊ ညီအစ်ကို တိုင်းရင်းသားပါတီတွေကို မဲပေးဖို့အတွက် တိုက်တွန်းတာပေါ့” ဟု စောသောကြာက ပြောသည်။

“ကျွန်တော်တို့ အမြင်က ၂၀၁၅ နောက်ပိုင်းမှာ NLDပါတီက တိုင်းရင်းသားအရေးကို နားမလည်ဘူး။ နားလည်သည့်တိုင် မဖြေရှင်းပေးဘူး” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် ပါတီကြီးအချို့ အပြိုင်စတင်မဲဆွယ်

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ဝင်ပြိုင်မည့် ကရင်နိုင်ငံရေးပါတီအပေါ် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) ၏ သဘောထားကို စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) ၏ ထုတ်ပြန် တိုက်တွန်းချက်သည် တိုင်းရင်းသားများအကြား ညီညွတ်မှုကို ဖြစ်စေသည့်အတွက် ကြိုဆိုကြောင်း မွန်ပါတီခေါင်းဆောင်နှင့် မွန်နိုင်ငံရေး လေ့လာစောင့်ကြည်သူတို့က ပြောသည်။

“လာမယ့် နိုင်ငံရေးအခင်းအကျင်းကလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားမယ်။ ဖော်ဆောင်မယ့်အခင်းအကျင်း ဖြစ်တဲ့အခါကျတော့ တိုင်းရင်းသားအချင်းချင်း လက်တွဲညီညာစွာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ဖော်ဆောင်သွားဖို့ဆိုတဲ့ တိုက်တွန်းချက်က ယဉ်ကျေးတဲ့ တိုက်တွန်းချက်ဖြစ်သလို အနာဂတ် အတွက်လည်း လက်တွေ့အရ ဖော်ဆောင် နိုင်ခဲ့မယ်ဆိုရင် ဒါက ပြောင်းလဲသွားနိုင်တဲ့ အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်လာမယ်လို့ ယူဆပါတယ်” ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ မင်းမင်းနွယ်က ပြောသည်။

ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) သည် ကရင်နိုင်ငံရေးပါတီသည်သာ ကရင်အမျိုးသားကျိုးစီးပွားနှင့် ကရင် အမျိုးသားများလိုလားသည့် အခွင့်အရေး များကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် မွန်ပြည်နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တစ်ခုတည်းသော ကရင် နိုင်ငံရေးပါတီကိုသာ ဝန်းရံမည်ဟုလည်း ပြောထားသည်။

၎င်းပြင် ကရင်အမျိုးသားအရေးကို ရှေးရှု၍ ကရင်နိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးကြရန်ကိုလည်း မွန်ပြည်နယ်အတွင်းမှာရှိသည့် ကရင်မဲဆန္ဒရှင်များကို မေတ္တာရပ်ခံထားသည်။

မွန်ပြည်နယ်တွင် ကရင်လူမျိုး ကိုယ်စားပြု ကရင်ပြည်သူ့ပါတီ တစ်ပါတီကသာ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် ခုနစ်နေရာနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ရှစ်နေရာ ဝင်ပြိုင်မည်ဖြစ်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကလည်း မွန်ပြည်နယ် သထုံမြို့နယ်ရှိ မဲဆန္ဒနယ် နှစ်နေရာနှင့် ပအိုဝ်းတိုင်း ရင်းသားရေးရာ တစ်နေရာ စုစုပေါင်း သုံးနေရာ ဝင်ပြိုင်မည်ဖြစ်သည်။

မွန်လူမျိုးကိုယ်စားပြု မွန်ညီညွတ်ရေးပါတီကမူ မွန်ပြည်နယ် မြို့နယ်ရှစ်ခုတို့တွင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်နှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး တစ်နေရာ စုစုပေါင်း ၃၅ နေရာ ဝင်ပြိုင်သွားမည်ဖြစ်သည်။

Dawei Watch