ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

0
239

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စက်တင်ဘာလ ၁၀ ရက်က စိုက်ထူထားသောဆိုင်းဘုတ်မှာ နောက်တစ်နေ့ညပိုင်းတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

“လူဖျက်ဆီထားတာလို့ ပြောလို့ ရတယ်။ လေကြောင့် လဲကျသွားတာမျိုး မဟုတ်ဘူး” ဟု ပုဂေါဇွန်းအုပ်ချုပ်ရေးမှူး ဦးယူစွမ်က ဆိုသည်။

သစ်သားတိုင်နှစ်တိုင်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်၏ တိုင်တစ်ဘက်ကို ဆွဲနုတ်ထားပြီး ကျိူးနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ယင်းဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စကို ရေဖြူမြို့မရဲစခန်းထံတိုင်ကြားထားကြောင်း ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။

“ကျွန်တော်ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက်အရေးယူခိုင်းမယ့် အစီအစဉ်ရှိတယ်” ဟု ၎င်းက ပြောသည်။

မဲဆွယ်ကာလအတွင်း အခြားပါတီများ၏ ဆိုင်းဘုတ်များပါ ဖျက်ဆီးခံရခြင်းမရှိရလေအောင် ယင်းကဲ့သို့ ထိထိရောက်အရေးယူနိုင်သည်အထိ ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် ပါတီအချင်းချင်း အငြင်းပွားမှုဖြစ်ပါက ညှိနှိုင်းမည့် စေ့စပ်ညှိ နှိုင်းရေးကော်မတီများကို ဖွဲ့စည်းထားသည်။

ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စတွင် မည်သူလုပ်သည်ကို မသိရသေးသဖြင့် စေ့စပ်ညှိနှိုင်းပေးလို့မရ ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးက ပြောသည်။

ကျော်သူစိုး