အတည်ပြု ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များ

0
258

ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း (၁) ကို စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါမြို့ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များကို တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ၏ အစီရင်ခံစာအား ကိုးကားပြီး အများပြည်သူသိရှိရန်အတွက် ထုတ်နုတ်ဖော်ပြပေးပါမည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း တည်နေရာအပိုင်း(၁)မှာ ထိန်သစ်ရပ်ကွက် ကမြောကင်းလမ်းနှင့် ဆိပ်ကမ်းသာလမ်း(ကမ်းနားလမ်း) အကြားတွင် တည်ရှိသည်။

၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး

ယင်းမြို့ပြစီမံကိန်းအား အရှေ့ဘက်တွင် ထိန်သစ်ရပ်ကွက်၊ အနောက်ဘက်တွင် ထားဝယ်မြစ်၊ တောင်ဘက်တွင် ရွှေဂူချောင်းနှင့် ဆန်းချီရပ်ကွက်၊ မြောက်ဘက်တွင် ထားဝယ်မြစ်တို့က ဝန်းရံထားကြသည်။

စီမံကိန်းအား အဆင့်နှစ်ဆင့် ထပ်ခွဲထားသည်။ အဆင့် (၁) နေရာမှာ ဆန်းချီချောင်းအောက်ဘက်(တောင်ဘက်)၊ အဆင့်(၂) နေရာမှာ ဆန်းချီချောင်း အထက်ဘက်(မြောက်ဘက်) တို့ဖြစ်သည်။ အဆင့်(၁) တွင် မြေဧရိယာ ၁၀၅ ဒသမ ၃၃ ဧက၊ အဆင့်(၂) တွင် ၉၀ ဒသမ ၃၅ ဧကရှိသည်။

မြေနေရာလွတ်မရှိ
အဆင့်(၁)တွင် ဝန်ထမ်းအိမ်ရာ၊ လူနေအိမ်ရာ၊ ဆေးရုံ၊ မြို့နယ်စုပေါင်းရုံးများ စသည်တို့ကို နေရာချပြီး ဖြစ်သည်။ ယင်းနေရာတွင် ထားဝယ်မြို့သစ်စီမံကိန်းကြောင့် သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများအတွက် အစားထိုးပေးအပ်မည့် မြေနေရာများ ပါဝင်နေသည်။

အဆင့်(၂) ဧရိယာတွင်လည်း အများစုကို အသုံးပြုထားပြီးဖြစ်ပြီး ကျန်နေသည့် မြေနေရာ ၁၇ ဧကကျော်မှာလည်း ဟိုတယ် နှင့်ခရီးသွားဘာသာရပ်သင် ဒီပလိုမာ သင်တန်းကျောင်းအတွက် ခုနစ်ဧက၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဌာနအတွက် မော်တော်ယာဉ်ထားမည့်နေရာ၊ ဝန်ထမ်း အိမ်ရာများအတွက် ၁၀ ဧကကျော် စသည်တို့ကို လျာထားသတ်မှတ်ထားသည်။

ယင်းအတွက်ကြောင့် ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေး အပိုင်း(၁) တွင် မြေနေရာလွတ် မရှိသလောက်ပင်ဖြစ်သည်။ မျက်မြင်အားဖြင့်မူ အဆိုပါဧရိယာအတွင်း အဆောက် အအုံမဆောက်ရသေးသည့် မြေနေရာ လွတ်များရှိနေသည်ကို တွေ့ရသည်။

အစိုးရစီမံခွင့်မရှိသေးသည့် ဆိပ်ကမ်းသာလမ်း နံဘေးမြေ
ဆိပ်ကမ်းသာလမ်း(ကမ်းနာလမ်း) နံဘေးရှိ မြေနေရာတစ်ခုမှာလည်း အစိုးရ က လက်ရှိစီမံခန့်ခွဲခွင့်မရှိသေးပေ။ အကြောင်းမှာ အဆိုပါမြေနေရာရှိ ဧက ၄၀ ကျော်ကို စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးအား လှေထောက်ကျင်းလုပ်ငန်းအတွက် ခွင့်ပြုပေးထားခြင်းကြောင့် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအား ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ နှစ် ၃၀ ဂရန်ချပေးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် လှေထောက်ကျင်လုပ်ငန်းကို လုပ်ငန်းရှင် တစ်ဦးသာ လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါနေရာအား အစိုးရမှစီမံခွင့် ရှိလာသည့်အခါတွင် ထားဝယ်မြစ်ကမ်း ဖွံ့ဖြိုးရေး (Riverfront Developent) နေရာအဖြင့် အကောင်အထည်ဖော်နိုင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဆိုထားသည်။ အစိုးရက စီမံခွင့်ရှိလာပါက အဆိုပါနေရာသည် မြို့ပြစီမံကိန်း ဧရိယာထဲတွင် ပါဝင်လာဖွယ်ရှိနေသည်။

အပန်းဖြေနေရာနှင့် စီးပွားရေးဇုန်
တိုင်းလွှတ်တော် အနောက်ဘက်ကပ်လျက် အာဇာနည်အထိမ်းအမှတ် ရင်ပြင်ကို အများပြည်သူ အပန်းဖြေမည့် ပန်းခြံဆောက်ရန် လျာထားသည်။ ကမ်းနားလမ်းတစ်လျှောက်တွင် စိမ်းလမ်းမြေအဖြစ် မြေဧက ၂၈ ဧကကျော်ကို သတ်မှတ်ထားသည်။ ထားဝယ်မြစ် ကမ်းနားမှ ပေ ၁၅၀ အတွင်း မြေနေရာများတွင် မည်သည့်အဆောက်အဦးမျှ မဆောက်လုပ်ဘဲ ကြားခံနေရာအဖြစ် သတ်မှတ်ထားသည်။

ယင်းအပြင် အဆိုပါလမ်းတစ်လျှောက်တွင် ဈေးဝယ်စင်တာ၊ ဟိုတယ်၊ အပန်းဖြေနေရာ၊ စားသောက်ဆိုင်များ စသဖြင့် စီးပွားရေးဇုန်အဖြစ်လည်း မြေ ၁၃ ဧကကျော်ကို လျာထားသည်။

မြို့ပြ စီမံကိန်းထဲမှ အသုံးပြုမြေ အချိုး အစားအချို့
တိုင်းလွှတ်တော်ဧရိယာ၊ ဌာနဆိုင်ရာ အဆောက်အဦး၊ အသင်းအဖွဲ့ပိုင်မြေ စုစုပေါင်းမှာ ၄၆ ဧကကျော်ရှိပြီး မြို့ပြ စီမံကိန်းမြေစုစုပေါင်း၏ ၁၀ ရာနှုန်း ကျော်ရှိသည်။ မယ်ဒီလန်းဆေးရုံ၊ DDPC ဈေးဝယ်စင်တာ၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းတို့အတွက် အသုံးပြုထားသည့် မြေမှာ ဧကသုံးဆယ်ကျော်ရှိသည်။

အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ်

ရာခိုင်နှုန်း အားဖြင့် ၇ ရာခိုင်နှုန်းကျော်ရှိသည်။ အထက်ဖော်ပြပါအချက်အလက်များမှာ ထားဝယ်မြို့ပြစီမံကိန်းအပိုင်း (၁) အတွင်း ပါဝင်မည့်အချက်များနှင့် လက်ရှိ ရှိနေပြီးသားအချက်အချို့ကို ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

ထားဝယ်မြို့ပြ စီမံကိန်းတည်နေရာမှာ သုံးခုရှိသည်။ တည်နေရာ (၂) မှာ သပြေချောင်းကျေးရွာ အနီးဝန်းကျင်၊ တည်နေရာ(၃) မှာ ကြက်စားပြင်ရပ်ကွက် အနီးဝန်းကျင်နေရာများ ဖြစ်သည်။ တည်နေရာ ၂ နှင့် ၃ မှာလည်း တိုင်းလွှတ်တော်က အတည်ပြုထားပြီးဖြစ်သည်။

ကျော်သူစိုး