မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် ပါတီကြီးအချို့ အပြိုင်စတင်မဲဆွယ်

0
605

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနက်မှ အင်အားကြီး ပါတီတချို့မှာ စက်တင်ဘာ ၈ ရက်နေ့တွင် အပြိုင်အဆိုင် စတင်မဲဆွယ်နေကြပြီ ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် လွှတ်တော် မဲဆန္ဒ ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယင်းနေ့ကပင် မဲဆွယ်စည်း ရုံးရေး စတင်လုပ်ဆောင်ခဲ့သည်။

“ဒီနေ့ကတော့ ကျွန်တော်တို့ မဲ ဆန္ဒရှင်တွေဆီတော့ မသွားသေးဘူး ခင်ဗျ။ ဒီနေ့ကတော့ ရပ်ကွက်အလိုက် ကျေးရွာအလိုက်ကို ကျွန်တော်တို့ ပါတီ ဝင်အင်အားတွေ စုပြီးတော့ လူမှုအကျိုး ပြုလုပ်ငန်းတွေလုပ်ပါဆိုပြီး အဲဒါနဲ့ စပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ပြည်နယ်မှ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က ပြောသည်။

ထိုအတူ လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း မွန်ပြည်နယ် အတွင်း မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့တွင် စတင်မဲဆွယ်နေပြီဖြစ်သည်။

မွန်ပြည်နယ်အခြေစိုက်ပါတီလည်းဖြစ်၊ မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၅ နေရာ ဝင်ပြိုင်မည့် နောက်ထပ်အင်အား ကြီးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေး ပါတီကလည်း မြို့နယ်တိုင်း တစ်ပြိုင်နက်တည်း မဲဆွယ်စည်းရုံးရေး မလုပ်ဆောင်သေးသော်လည်း မြို့နယ်အချို့တို့တွင် မဲဆွယ်စည်းရုံးရေး စလုပ်နေပြီဟု ပြောသည်။

“ဒီရက်အတွင်းမှာတော့ လုပ်ငန်း အစီအစဉ်တွေကို ချမှတ်သွားရမယ့်အနေအထားပါ” ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

အင်အားကြီးပါတီတို့က အပြိုင်မဲ ဆွယ်စည်းရုံးနေကြပြီဖြစ်သော်လည်း နိုင်ငံရေးပါတီအများစုကတော့ မဲဆွယ်စည်းရုံးရေး မစနိုင်သေးသည့် အနေအထားတွင် ရှိနေသည်။ သို့သော်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မဲဆွယ်စည်းရုံးရေးကို စတင်လုပ်ဆောင်နေသည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းများလည်း ရှိသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အကန့်အသတ်မှုအောက်တွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးကို လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး အဓိက လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၆) တွင် ဝင်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောသည်။

“ကျွန်တော်က မဲဆွယ်စည်းရုံးတဲ့ အပိုင်းကို တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက် အခြားပါတီတွေလို အင်နဲ့အားနဲ့ လုပ်ဖို့ အစီအစဉ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။

ယဉ်စနိုင်း