မြေယာပြဿနာအရေး ဌာနဆိုင်ရာတွေ မရိုးမသားလုပ်နေသလား

0
380

စက်တင်ဘာလ ၁၁ ရက်ကပြုလုပ်တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် တိုင်းအတွင်းက မြေယာပြဿနာတွေကို ဌာနဆိုင်ရာတွေက‌ ဖြေရှင်းတဲ့နေရာမှာ မှန်ကန်မှု မရှိဘဲ ဘက်လိုက်ဆောင်ရွက်နေတာ တွေရှိနေသလားဆိုတာ မေးခွန်းထုတ် စရာရှိလာပါတယ်။

တိုင်းလွှတ်တော် မြေယာအငြင်းပွား မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့က တင်သွင်းတဲ့ အစီရင်ခံစာလေးစောင်နဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

“မြေယာပြဿနာများ ပေါ်ပေါက်အောင် တမင်ရည်ရွယ်ချက်နှင့် မမှန်မကန် ဘက်လိုက်ဆောင်ရွက်နေသူ နိုင်ငံ့ ဝန်ထမ်းများကိုလည်း ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါလို့ ထောက်ပြ လိုပါတယ်”

ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန်

ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းများ ဆိုတဲ့နေရာမှာ မြေယာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာက ဝန်ထမ်း အဆင့်ဆင့်ကို ဆိုလိုပါတယ်။

လွှတ်တော်ဥက္ကဋ္ဌက အဲဒီစကားကို ပြောဆိုခဲ့တဲ့အကြောင်းကို ဆက်ပြောရရင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ မြိတ်မြို့နယ်တို့မှာရှိတဲ့ မြေယာပြဿနာလေးကို အခြေခံပြီး ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီပြဿနာ တွေဟာ ကာလအားဖြင့် သုံးနှစ်မှ လေးနှစ်အထိ ကြန့်ကြာနေတာတွေ ဖြစ်ပါတယ်။

အဲဒါတွေကတော့ ထားဝယ် ဂေါက်ကွင်း၊ လောင်းလုံးက ဦးစိုင်းမျိုးဝင်း ကုမ္ပဏီနဲ့ဖြစ်တဲ့ ကိစ္စ၊ သရက်ချောင်းက ကျောင်းမြေ၊ မြိတ်မြို့နယ်က လော့လော့ ပုစွန်ကန်စီမံကိန်း စတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

အဲဒီမြေယာပြဿနာလေးခုနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်မြေယာ အငြင်းပွားမှု စောင့်ကြည့်လေ့လာသုံး သပ်ရေးအဖွဲ့က မြေပြင်ကွင်းဆင်း လေ့လာမှုတွေ၊ ဌာနဆိုင်ရာတွေနဲ့ တိုင်းထဲက ဝန်ကြီးတွေကို ခေါ်ယူကြား နာတာတွေလုပ်ပြီး အစီရင်ခံစာ လေးစောင် တင်သွင်းထားတာ ရှိပါတယ်။

အစီရင်ခံစာလေးစောင်ထဲမှာ ဌာန ဆိုင်ရာတွေက ဘယ်လိုကိုင်တွယ် ဆောင်ရွက်ခဲ့တယ်၊ မြေယာမူဝါဒတွေနဲ့ မကိုက်ညီတာတွေက ဘာတွေလဲ စတာတွေကို ထောက်ပြရေးသားထားပါတယ်။

၁။ လောင်းလုံးစိုက်ခင်း
ပထမဆုံးအနေနဲ့ လောင်းလုံးမြို့နယ်က ဒေသခံသုံးဦးနဲ့ ဦးစိုင်းမျိုးဝင်းပိုင် ကုမ္ပဏီတို့ဖြစ်တဲ့ ပြဿနာကို အရင် ထုတ်နုတ်ဖော်ပြပေးပါရစေ။

လောင်းလုံးမြို့နယ် ကျောက်တွင်း ကျေးရွာအုပ်စု ဝဲမကိုက်ကျေးမှာ ဦးရဲဝင်းနှင့် လူသုံးဦးက ၂၀၁၁ ခုနှစ်ကစပြီး မြေ ၁၂၀ ဧကမှာ ရာဘာ၊ အုန်း၊ သီဟိုဠ်ပင်တွေ စိုက်နေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ အဲဒီနေရာဟာ ရှေးဟောင်းနေရာဆိုပြီး အဲဒီရွာအုပ်ချုပ်ရေးမှူးက နှုတ်မိန့်နဲ့လာတားခဲ့ပါတယ်။ ရွာသားတွေကကလည်း ရှေးဟောင်းနေရာဆိုပြီး ကန့်ကွက်တာတွေရှိတယ်လို့လည်း ကော်မတီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လွှတ်တော်ကော်မတီက ကွင်းဆင်းစစ်တဲ့အခါမှာတော့ ဦးရဲဝင်းတို့စိုက် ထားတဲ့နေရာဟာ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေ၊ သိမ်၊ ကျောင်းတွေ ရှိမနေဘူးလို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီနေရာကို ဦးစိုင်းမျိုးဝင်းဦးဆောင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရတနာစိုင်းကောင်းမြတ် ကျော် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုက မြေလွတ်၊ မြေလပ်၊ မြေရိုင်းအသုံးပြုခွင့်‌ လျှောက်ထားလာပါတယ်။ အဲဒီ အချိန်မှာတော့ ရွာသားတွေက ကန့်ကွက်တာမရှိတော့ဘူးလို့ဆိုပါတယ်။

အဲဒီအချက်က မေးခွန်းထုတ် စရာပါ။
လောင်းလုံးဒေသခံတွေလျှောက်တုန်းက ရှေးဟောင်းနယ်မြေဆိုပြီး ကန့်ကွက်ခဲ့တဲ့ ဒေသခံတွေဟာ ဦးစိုင်းမျိုးဝင်း ကုမ္ပဏီက လျှောက်တဲ့အချိန်မှာ မကန့်ကွက်တော့တာက ထူးဆန်းနေပါတယ်။

ဒါပေမဲ့ အရင်လုပ်ကိုင်နေတဲ့ ဦးရဲဝင်းတို့ကတော့ အဲဒါကို ကန့်ကွက် ထားပါတယ်။

လောင်းလုံးဒေသခံ ဦးရဲဝင်းတို့ရဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနေရာကို အခြားလုပ်ကိုင်ချင်တဲ့သူတွေက လုပ်ပိုင် ခွင့်ရှိသူတွေနဲ့ ပူးပေါင်းပြီး ရွာသားတွေကို လက်မှတ်ထိုး ကန့်ကွက်စေခဲ့တာလို့ ကော်မတီက သုံးသပ်ထားပါတယ်။

အဲဒီလို အခြေအနေတွေဖြစ်နေမှုအပေါ် အလေးထားသုံးသပ်သင့်တယ်လို့ မြေစစ်ကော်မတီက ထောက်ပြထားပါတယ်။

၂။ မြိတ် ပုစွန်မွေးမြူရေး
မြိတ်မြို့နယ်က လော့လော့ပုစွန်မွေးမြူရေးစီမံကိန်းမှာလည်း မူမမှန်တဲ့ လုပ်ရပ်တွေရှိနေတာကိုတွေ့ရပါတယ်။
မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာက လယ်မြေ၊ ဓနိမြေ၊ တောရိုင်းမြေအပါအဝင် မြေဧက ၄၂၀ ကို ပုစွန်ကန်လုပ်ဖို့ ငါးလုပ်ငန်း ဦးစီးဌာနက ၂၀၁၃ ခုနှစ်မှာ သိမ်းဆည်းခဲ့ပါတယ်။

သိမ်းဆည်းခံ တောင်သူတွေက လယ်မြေပြန်လုပ်ခွင့်ရဖို့ကို တိုင်းအစိုးရ၊ နိုင်ငံတော်သမ္မတရုံးအထိ အကြိမ်ကြိမ် စာပို့ တောင်းဆိုနေကြတာ ရှိပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက သိမ်းယူပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာတော့ ဗင်းတေ့ချ်ကုမ္ပဏီကို ငွေကျပ်သိန်းပေါင်း လေးထောင်နီးပါး (၃၉၁၂ ဒသမ ၅၀) နဲ့ အဲဒီမြေဧက ၄၂၀ ကို ရောင်းချခဲ့တယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။

အဲဒီရောင်းချရငွေတွေကို ငါးလုပ်ငန်းဦးစီးဌာနက သားငါးဖွံ့ဖြိုးတိုးတက်ရေး လည်ပတ်ရန်ပုံငွေထဲ ၂၀၁၇ ခုနှစ် ဇူလိုင်လက ထည့်သွင်းပေးထား တယ်လို့ဆိုပေမဲ့ ငွေပေးသွင်းထားတဲ့ သက်သေအထောက်အထားတွေ မရှိဘဲဖြစ်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နောက်တစ်ခုက အဲဒီမြေတွေကို ငါးလုပ်ငန်းဦးစီးဌာနက သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံတွေရဲ့ လယ်မြေတွေအစားထိုးဖော်ပေးဖို့ တစ်ဧက ငွေကျပ်ငါးသောင်းနှုန်း ထုတ်ပေးထားတာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီလို ထုတ်ပေးထားတာ နှစ်ကြိမ်ရှိပါတယ်။ ထုတ်ပေးခဲ့တာက စစ်အစိုးရခေတ်ကပါ။

ငါးလုပ်ငန်းဦးစီးဌာနကနေပြီး မြိတ်ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခ.ယ.က) ဥက္ကဋ္ဌကို ထုတ်ပေးခဲ့တာလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ဒါပေမဲ့ မြေသိမ်းခံရတဲ့တောင်သူတွေကတော့ အဲဒါတွေ မရရှိခဲ့တာကြောင့် နစ်နာမှုရှိတယ်လို့ ကော်မတီက သုံးသပ်ထား ပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၃၂ အရ စီမံကိန်းတွေမလုပ်ဘူးဆိုရင် မူလလုပ်ပိုင်ခွင့်ရရှိထားသူ ဒေသခံ တွေထံ ပြန်ပေးအပ်ရမှာ ဖြစ်တာကြောင့် တိုင်းအစိုးရအနေနဲ့ ပုစွန်ကန်ပြဿနာကို ဥပဒေနဲ့အညီ တိတိကျကျ ဆောင် ရွက်ဖို့ကိုလည်း ကော်မတီက အကြံပြုထားပါတယ်။

၃။ ထားဝယ်ဂေါက်ကွင်း
နောက်တစ်ခုက ထားဝယ်ဂေါက်ကွင်း မြေယာပြဿနာပါ။
ထားဝယ်ဂေါက်ကွင်းနဲ့ကပ်လျက် ပန်းခြံတစ်ခုကို သိကြမှာပါ။ အဲဒီ ပန်ခြံမြေကို ဂေါက်ကွင်းပိုင်မြေဆိုပြီး မြေထိုးစက်တွေနဲ့ လာထိုးတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီပန်းခြံမြေနေရာမှာ ဒေါ်ရှိန်က ၁၉၉၄ ခုနှစ်ကနေ၂၀၂၀ အထိ ၂၆ နှစ်ကြာအောင် စိုက်ပျိုးလုပ်ကိုင်လာတာပါ။
၁၉၉၆ ခုနှစ်က ထားဝယ်မှာလုပ်တဲ့ ကျောင်းသားအားကစားပွဲတော် ဂေါက်ရိုက်ပြိုင်ပွဲအတွက် ဂေါက်ကွင်း တိုးချဲ့ဖို့ဆိုပြီး ဒေါ်ရှိန်ရဲ့ ပန်းခြံ တစ်ဧကကျော်ဟာ အသိမ်းခံခဲ့ရပါတယ်။ အဲဒီလို သိမ်းတာဟာ မြေသိမ်းဥပဒေအနဲ့အညီ သိမ်းထားတာမဟုတ်ဘူးလို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်ရောက်တော့ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သူက အသိမ်းခံရတဲ့မြေအတွက် အစားထိုးမြေကွက် ပေ ၄၀- ၆၀ တစ်ကွက်ပေးပါတယ်။ အဲဒီအစားထိုးမြေကွက်က မြို့ပေါ်မှာ တော့မဟုတ်ပါဘူး။ ထားဝယ်မြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ ပကာရီရွာမှာရှိတဲ့‌ မြေကိုပေးခဲ့တာပါ။ ဒါပေမဲ့ ဒေါ်ရှိန်က လက်မခံခဲ့ဘူးလို့ဆိုတယ်။

အဲဒီလို ခရိုင်အုပ်ချုပ်ရေးမှူးက အစားထိုးမြေကွက်ပေးတာဟာ တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားတာနဲ့ ကွဲလွဲနေတယ်လို့ အစီရင်ခံစာက ထောက်ပြ ထားပါတယ်။ တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက ဂေါက်ကွင်းအဖြစ် မလုပ်ရင် ပြန်စွန့် လွှတ်ပေးဖို့ ညွန်ကြားထားတာပါ။

၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး

အဲဒီမတိုင်ခင်က ဒေါ်ရှိန်ဟာ တိုင်းလယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီကို ပန်းခြံမြေကိစ္စ တင်ပြတာတွေရှိပေမဲ့ ကော်မတီက မူဝါဒ လုပ်ထုံး၊ လုပ်နည်းတွေအတိုင်း ဆောင်ရွက်ပေးတာမရှိဘူးလို့ အစီရင်ခံစာက ထောက်ပြ ထားပါတယ်။

ထားဝယ်ဂေါက်ကလပ် မန်နေဂျာဟာ ၂၀၂၀ ခုနှစ် ဇွန်လမှာ ဒေါ်ရှိန်ကိုခေါ်ပြီး ပန်းခြံ ခြံစည်းရိုးတိုင်တွေ နုတ်ပေးဖို့ ပြောဆိုတာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ထားဝယ်ဂေါက်ကလပ်ဟာ ဘယ်ဝန်ကြီးဌာန လက်အောက်မှာမှ မရှိတဲ့ သီးခြားအဖွဲ့ဖြစ်တာကြောင့် ပြည်သူတစ်ဦးကို အဲလိုခေါ်ယူဖိအားပေးတာ၊ အကြပ်ကိုင်တာတွေဆောင်ရွက်တာဟာ မလျော်သြဇာသုံးတာသာဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

နောက်ပြီးတော့ ကျောင်းသားအား ကစားပွဲတော် ဂေါက်ရိုက်ပြိုင်ပွဲအတွက် သိမ်းဆည်းပြီး အကောင်အထည်မဖော် နိုင်တဲ့မြေနေရာကို ထားဝယ်ဂေါက် ကလပ်တာဝန်ရှိသူတွေဟာ လုပ်ပိုင်ခွင့် ရှိသူတွေနဲ့ပေါင်းပြီး မြေယာအသုံးပြုခွင့် လျှောက်ထားခဲ့တာလို့ ကော်မတီက သုံးသပ်ထားပါတယ်။

ကော်မတီကတော့ ထားဝယ်ဂေါက်ကွင်းကို အစိုးရစီမံခွင့်ရှိသောမြေ အဖြစ်သတ်မှတ်ပြီး အစိုးရကသာ စီမံသင့်တယ်လို့ အကြံပြုထားပါတယ်။

၄။ သရက်ချောင်း ကျောင်းမြေ
သရက်ချောင်းမြို့နယ်၊ ပဲဒပ်ရွာက ကျောင်းပိုင်မြေအငြင်းပွားမှုပြဿနာ တစ်ခုကလည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တိုင်ကြားထားတာ လေးနှစ်လောက်ရှိပေမဲ့ ပြီးပြတ်အောင် ဆောင်ရွက်ပေးတာမရှိဘူးလို့ ထောက်ပြထားပါတယ်။

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ က သုသာန်မြေကို အုတ်ဖုတ်လုပ်ငန်းရှင် တစ်ဦးအတွက် မြေစာရင်းဌာနက မြေခွန်ပြေစာထုတ်ပေးထားတာလည်းရှိနေပါတယ်။ မြေစာရင်းဌာနမှာတော့ အဲဒီသုသာန်မြေနေရာဟာ စိုက်ပျိုးမြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စိုက်ပျိုးမြေအဖြစ် မြေခွန်ထမ်း ဆောင်ထားသော မြေပေါ်မှာ အုတ်လုပ်ငန်း လုပ်ကိုင်လို့ရပါသလားဆိုတာကိုလည်း ကျွန်တော်မေးခွန်း မေးချင်ပါတယ်” လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

အဲဒီမြေယာပြဿနာလေးခုဟာ ဌာနဆိုင်ရာက ဖြေရှင်းနိုင်ရဲ့သားနဲ့ မဖြေရှင်းဘဲထားလို့ သုံးနှစ်ကနေ လေးနှစ် အထိကြာနေပြီဖြစ်တယ်လို့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောပါတယ်။

“အဓိကကတော့လေ ဒီအမှုတွေသည် ဖြေရှင်းလို့ရရဲ့သားနဲ့ သုံးလေး နှစ်အထိ ကြာနေတဲ့ကိစ္စဖြစ်တာကို။ ဌာနကြောင့် ကြန့်ကြာနေတာတွေကို သုံးသပ်တွေ့ရှိချက်အရ ဒီလေးခုကို အဓိကထားပြီးတော့ လွှတ်တော်ကနေ ထောက်ပြမှာပေါ့” လို့ ဦးကြည်စိုးက ပြောပါတယ်။

တိုင်းလွှတ်တော်မြေယာအငြင်းပွား မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့က တင်သွင်းထားတဲ့ အစီရင်ခံစာလေး ခုထဲက ပြဿနာတွေကို တိုင်းအစိုးရက အမြန်ဆုံးဖြေရှင်းပြီးတော့ အနီးစပ်ဆုံး လွှတ်တော်မှာ တင်ပြရမှာဖြစ်ပါတယ်။

အနီးစပ်ဆုံးလွှတ်တော်ကတော့ ဒီဇင်ဘာလလောက်မှာ ဖြစ်နိုင်ခြေရှိပါတယ်။

တိုင်းအစိုးရဟာ သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်ဆောင်ရွက်တဲ့နေရာမှာ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ မူဝါဒ ၅၂ ချက်နဲ့အညီ လုပ်ဆောင်တာ မရှိဘူးလို့ တိုင်းထဲက အရပ်ဘက်အဖွဲ့ တွေက ထောက်ပြနေတာတွေရှိပါတယ်။

တိုင်းလွှတ်တော်ကလည်း အထက်က ဖော်ပြခဲ့တဲ့ မြေယာပြဿနာလေးခုကို မူဝါဒ ၅၂ ချက်နဲ့အညီ ဆောင်ရွက်ဖို့ ထောက်ပြထားပါတယ်။

အဲဒီမြေယာပြဿနာတွေဟာ တိုင်းထဲက မြောက်မြားစွာသောမြေယာ ပြဿနာတွေထဲကနေ လွှတ်တော်မျက်နှာ စာအပေါ် ရောက်လာတဲ့အကြောင်း အရာတွေသာ ရှိသေးတာပါ။

တိုင်းလွှတ်တော် တိုင်ကြားစာ ကော်မတီကို ပြည်သူတွေ တိုင်ကြားထားတဲ့ မြေယာအငြင်းပွားမှုဟာ ၂၀၁၉ ဧပြီကနေပြီး အခုချိန်အထိကိုပဲ ၅၈ ခု ရှိပါတယ်။

အဲဒီမြေယာကိစ္စတွေမှာရော လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ဥပဒေတွေ၊ မူဝါဒ တွေနဲ့မညီဘဲ လုပ်ဆောင်ထားလို့ ကြန့်ကြာနေကြတာလားဆိုတာလည်း မေးခွန်းထုတ်စရာပါ။

ကျော်သူစိုး