ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန်

0
294

တိုင်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တောင်းခံထားပြီး သတ်မှတ်ကာလအတွင်း မလုပ်နိုင်သဖြင့် ရန်ပုံငွေများ ဖောင်းပွသည်အထိ ပိုလျှံနေကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဝေဖန်ထောက်ပြလိုက်သည်။

စက်တင်ဘာလ ၁၁ ရက်က ပြုလုပ်သော တိုင်းလွတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို တင်သွင်းသည့် အထွေထွေပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ဝေဖန်ထောက်ပြ လိုက်ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ လုပ်ငန်းမဆောင်ရွက်နိုင်သဖြင့် အပ်နှံလာသည့် အထွေထွေပိုလျှံရန်ပုံငွေ သိန်းပေါင်း တစ်သောင်းကျော်ရှိကြောင်း ဝန်ကြီးဒေါ်ရီရီချို တင်သွင်းသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး

အဆိုပါပြန်အပ်ပိုလျှံရန်ပုံငွေ သိန်းတစ်သောင်းကျော်အထဲတွင် တင်ဒါပို လျှံငွေ၊ လုပ်ငန်းမဆောင်ရွက်နိုင်တော့သဖြင့် ပြန်အပ်ငွေ၊ မသုံးစွဲနိုင်တော့သည့် ရန်ပုံငွေများပါဝင်နေကြောင်း ဦးကြည်စိုး က ပြောသည်။

တိုင်းအစိုးရအဖွဲ့(အစိုးရအဖွဲ့၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန)၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ အများဆုံး ပြန်အပ်ခဲ့သည့်ဌာနများ ဖြစ်သည်။

ယင်းကဲ့သို့ ရန်ပုံငွေပုံလျှံနေခြင်းသည် ကောင်းသည့်လက္ခဏာမဟုတ်ဘဲ အမှန်တကယ် ခန့်နိုင်ခြင်းမရှိသည့် ဝန်ထမ်းအရေအတွက် လျာထားတောင်းခံခြင်း၊ စာရွက်ပေါ်တွင်သာရှိပြီး မြေပြင်တွင် တကယ်မရှိသည့် လုပ်ငန်းများအတွက် လျာတောင်းခံခြင်းမျိုး ရှိလာနိုင်ကြောင်း ဦးကြည်စိုးက ထောက်ပြသည်။

“အထွေထွေပိုလျှံရန်ပုံငွေတွေ အမြောက်အမြားဖြစ်ပေါ်နေရင် တစ်နည်းအားဖြင့် ပိုလျှံငွေဖောင်းပွလွန်းနေရင် ကျွန်တော်တို့အားလုံးက ပြန်လည်ဆန်း စစ်ဖို့တာဝန်ရှိပါတယ်” ဟု ၎င်းက အကြံပြုသည်။

ဌာနဆိုင်ရာအသီးသီးက ပိုလျှံသဖြင့် တင်ပြလာသော ရန်ပုံငွေ သိန်းတစ်သောင်းကျော်အနက် အများစုကို လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေး၊ တိုင်းအစိုးရအဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့တွင် လွှဲပြောင်းသုံးစွဲရန် တိုင်းလွှတ်တော်က ခွင့်ပြုပေးခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်များတွင် ယင်းကဲ့သို့ ရန်ပုံငွေပိုလျှံမှု ဖောင်းပွခြင်း မရှိစေရန် အစိုးရအနေဖြင့် အလေးထား စီမံဆောင်ရွက်ပေးရန်လည်း လွှတ်တော် ဒုဥက္ကဌ ဦးကြည်စိုးက အကြံပြုတိုက် တွန်းခဲ့သည်။

ကျော်သူစိုး