မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

0
399

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ကပ်ပြီးထုတ်ပြန်သောကြောင့် မဲဆွယ်စည်းရုံးရန်အတွက် အခက်တွေ့ စေသည်ဟု နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

နိုင်ငံရေးပါတီများသည် ကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရ မည့်အနေအထားဖြစ်သည့်အတွက် ယခုလို ရက်ကပ်ပြီးမှ ထုတ်ပြန်ခြင်းမှာ ပြင်ဆင်ရန် အချိန်အခက်အခဲရှိသည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီတမက ပြောသည်။

“အမှန်မှာဆို လွန်ခဲ့တဲ့တစ်လလောက် က ထုတ်ပြန်သင့်တယ်။ အဲဒါမှ မဲဆွယ် စည်းရုံးရေးအတွက် ပြင်ဆင်ချိန်ရမယ်” ဟု နိုင်လရီတမက ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထိုသို့ကြေညာမှုသည် မဲဆွယ်စည်းရုံးရေ စတင်နိုင်သည့် စက်တင်ဘာ ၈ ရက်နေ့ မတိုင်ခင် နှစ်ရက်အလို စက်တင်ဘာ ၆ ရက်နေ့တွင်မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အခြားပါတီများ အခက်အခဲရှိနေသော်လည်း မဲဆွယ်စည်းရုံးရေးသတ်မှတ်ရက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကြိုတင် သိရှိထားသည့်သဘောရှိပြီး ကြိုတင်ပြင်နိုင်သည့် အခွင့်အရေးရရှိသည်ဟု ကိုယ်စား လှယ်လောင်းအချို့က ဝေဖန်ပြောဆို ကြသည်။

NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီအောင်နိုင်ရေးအလံများကို စက်တင်ဘာလ ၈ ရက်နေ့တွင် စိုက်ထူသွားမည်ဖြစ်ကြောင်း စက်တင် ဘာလ ၅ ရက်နေ့က ပြောဆိုခဲ့သည်။

“လွတ်လပ်ပြီး သီးခြားအဖွဲ့အစည်း ဖြစ်တဲ့ ကော်မရှင်က မကြေညာခင်မှာ ပါတီဥက္ကဋ္ဌတစ်ယောက်က အရင်ပြောတာက သဘောမကျဘူး။ ဒါက သူတို့ ဘက်မှာ ကြိုသိပြီးတော့ ကြိုတင်ပြင်ဆင်နိုင်တဲ့အခွင့်အရေးကို ရကြတယ်။ ကျန်တဲ့ပါတီတွေမှာ ဒီအခွင့်အရေးမရှိဘူး။ ကျွန်တော်တို့ ဒီအခွင့်အရေးဆုံးရှုံးတဲ့သဘောဖြစ်တယ်” ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၆ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်း က ပြောသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမျိုးအောင် (ခ) နိုင်မျိုးအောင် ကလည်း မဲဆွယ်စည်းရုံးရေးကာလကို နောက်ကျမှ ထုတ်ပြန်သည့်အပြင် မဲဆွယ် စည်းရုံးရေးကာလနည်းသည့်အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအတွက် အခက်အခဲအများကြီးရှိသည်ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့်အထဲတွင် မဲဆွယ်စည်းရုံးကြမည့် နိုင်ငံရေးပါတတီများအနေနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ မဲဆွယ်ကြရန် ပါရှိသည်။

မဲဆွယ်စည်းရုံးရေးကို ကိုဗစ်-၁၉ ဆိုင်ရာ အကန့်အသတ်များအောက်တွင် လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီတိုင်းက အခက်အခဲရှိကြ သော်လည်း ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်နေသည့်အတွက် မဖြစ်မနေ လိုက်နာပြီး ဆောင်ရွက်သွားရမည်ဟု ပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့က ပြောသည်။

သို့သော်လည်း ထုတ်ပြန်ထားသည့်အတိုင်း နိုင်ငံရေးပါတီတိုင်းက တန်းတူ လိုက်နာရန်နှင့် ကော်မရှင်ကလည်း စောင့်ကြည့်ရန်လိုသလို ပါတီတိုင်းအပေါ် တန်းတူသဘောထားရန် အရေးကြီးသည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Dawei Watch