၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး

0
318

၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို ဒီဇင်ဘာလကုန်အထိ အချိန်တိုးမြှင့်ပေးလိုက်ကြောင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာသည်။

လက်ခစား (CMP) လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို အချိန်တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ်

ပုံမှန်အားဖြင့် ယင်းအခွန်များကို စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား ပေးဆောင်ရမည်ဖြစ်သော်လည်း ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်လာခြင်းကြောင့် အချိန်သုံးလ ထပ်တိုး ပေးလိုက်ခြင်းဖြစ်သည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ရှိသူက ပြောသည်။

“ခဏဆိုင်းထားပေးတဲ့ အဓိပ္ပာယ်ပေါ့။ လူတွေက စီးပွားရေး အဆင်မပြေနေလို့ အခွန်က ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ လျှော့ပေးတဲ့အနေနဲ့ပေါ့” ဟု ၎င်းက ဆိုသည်။

အခွန်ပေးဆောင်ရမည့်အချိန် သုံးလ နောက်ဆုတ်ပေးလိုက်သည့်အတွက် အချိန်ပိုရသွားသည်ဟု ထားဝယ် မြို့အတွင်းရှိ ဟိုတယ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ရွှေ့ဆိုင်းတယ်ဆိုတော့ အချိန်ရ တာပေါ့။ ဝင်ငွေကလည်း မရှိဘူး။ အမှန်တိုင်းပြောရင် ဘာဝင်ငွေမှကို မရှိဘူး။ ဝင်ငွေမရှိတဲ့အပြင် လုံးဝကို အနုတ်လက္ခဏာ ပြနေတယ်။ ဒီအချိန်က အဲလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများဖြစ်ပေါ်နေပြီး ငွေကြေးကျပ်တည်းမှုများ ဖြစ်ပေါ်နေသဖြင့် အခွန်ပေးဆောင်ခြင်းကို ဒုတိယအကြိမ် ဖြေလျှော့ပေးခြင်းဖြစ်သည်။

မိုးမြင့်