အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ်

0
343

အစိုးရရုံးဌာနများသို့ အပြင်လူ ဝင်ရောက်ခွင့်ကို ကန့်သတ်ချက်ဖြင့် လုပ်ဆောင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက တိုင်းနှင့် ပြည်နယ်များရှိ အစိုးရဌာနများအားလုံးကို ညွှန်ကြား ထားပြီဖြစ်သည်။

ကိုဗစ်ကြောင့် နိုင်ငံတော်အုပ်ချုပ် ရေးယန္တရားကို မထိခိုက်စေရန်အတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရ၊ ရုံးဌာနအသီးသီးသို့ ရုံးကိစ္စဆောင်ရွက်ရန် ခေါ်ယူခြင်းခံရသူများမှလွဲ၍ ပြင်ပ ပုဂ္ဂိုလ်များ ဝင်ရောက်မှုကို ကန့်သတ်တားမြစ်သွားရန် အထက်ပါကော်မတီက စက်တင်ဘာ ၉ ရက်တွင် ညွှန်ကြားထား သည်ဟု တိုင်းအတွင်းရှိ အစိုးရဌာန အချို့ထံမှ သိရသည်။

ရုံးလုပ်ငန်းဆောင်ရွက်ရန်ကိစ္စရပ်များကို တယ်လီဖုန်း၊ Online၊ Email၊ စာပေး စာယူပုံစံဖြင့် ဆောင်ရွက်ရန်နှင့် မဖြစ်မနေ ရုံးသို့ လာရမည့် ကိစ္စရပ်များ ပြုလုပ်ရန် လိုအပ်လာပါက အပူချိန်တိုင်းခြင်း၊ Mask တပ်ခြင်း၊ ခပ်ခွာခွာ(Social Distancing) ပုံစံဖြင့် ဆောင်ရွက်ရန်တို့ကို ညွှန်ကြားထားခြင်း ဖြစ်သည်။

ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

“ရုံးတွေမှာ အပြင်လူ မဝင်ရဘူး ဆိုတာကတော့ ကျွန်တော်တို့ ဒီရောဂါ ပိုးကူးမှာစိုးလို့ ဆိုပြီးတော့မှ ကန့်သတ် ထားတာပေါ့” ဟု ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းကြောင့် ရုံးသို့ မဖြစ်မနေလာရမည့် ကိစ္စရပ်များကို ရုံးဝန်းအတွင်းရှိ သီးသန့် တစ်နေရာတွင် စာပေး စာယူပုံစံဖြင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အစိုးရဌာနများရှိ ရုံးဝန်ထမ်း တစ်ဝက်ကိုသာ ရုံးတက်စေပြီး ကျန်တစ်ဝက်ကို နေအိမ်တွင် တာဝန်ချိန် အဖြစ်နေထိုင်ကာ လိုအပ်သည့်အခါ ခေါ်ယူပါက အချိန်နှင့် တပြေးညီတာဝန် ထမ်းဆောင်နိုင်ရန် ညွှန်ကြားထားမှုကိုလည်း စက်တင်ဘာ ၉ ရက်နေ့တည်းက စတင်ကျင့်သုံးနေသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးဝင်းသိန်းက ပြောသည်။

“ကျွန်တော်တို့လည်း အဲဒါ ကန့်သတ် ထားတယ်။ ရုံးရှေ့မှာတောင် ဆိုင်းဘုတ် တပ်ထားတယ် ပြင်ပပုဂ္ဂိုလ်များ မဝင်ရ ဆိုပြီးတော့” ဟု ၎င်းက ဆိုသည်။

Dawei Watch