ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

0
331

ကိုဗစ်ကပ်ဘေးကြောင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ ယာယီရပ်နားလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့် တက်နေသည့်အတွက် ယာယီရပ်နား လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တကယ်လို့ ပြန်ဖွင့်ရင်လည်း ကြိုတင်အကြောင်းကြားမယ်” ဟု ဦးထင်ပေါ်က ပြောသည်။

ယင်းကဲ့သို့ ဌာနဝန်ဆောင်မှု လုပ်ငန်းများ ပိတ်ထားချိန်တွင် ယာဉ်လိုင်စင်ရက်လွန်ဒဏ်ကြေး၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးကိစ္စတို့နှင့်ပတ်သက်၍ နစ်နာမှုမရှိစေရန် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ယာယီရပ်နားခဲ့ဖူးသည်။

ထိုကဲ့သို့ ရပ်နားချိန်တွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ရက်လွန်ဒဏ်ကြေးမကောက်ခံဘဲ ဖြေလျှော့ပေးခဲ့သည်။

တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး ယာဉ်အစီးရေ စုစုပေါင်း နှစ်သိန်းခွဲခန့် ရှိသည်။

Dawei Watch