ကြံချောင်းတွင် ဗိုလ်ချုပ်ပုံပေါ်သည်ဟုဆိုကာ လူအများနေ့စဉ်လာရောက် ကြည့်ရှု

0
234

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင် ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာတွင် စက်တင်ဘာလ ၇ ရက်နေ့မှစပြီး ကြံချောင်းတွင် ဗိုလ်ချုပ်ပုံသဏ္ဌာန်ပေါ် နေသဖြင့် လူအများ နေ့စဉ်လာရောက် ကြည့်ရှုနေကြကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစောဟန်ကျော်နှင့် ကာယကံရှင် ဦးကျော်ဟိန်းတို့ထံမှ သိရသည်။

အသိမိတ်ဆွေတစ်ဦးမှ ပေးထားသည့် ကြံချောင်းအား စားမည့်အချိန်တွင် အရုပ်ပေါ်နေသည်ကို သတိထားမိသဖြင့် သေချာကြည့်ရှုခဲ့ရာ ဗိုလ်ချုပ်ပုံဖြစ်နေကြောင်း ကာယကံရှင် ဦးကျော်ဟိန်းက ပြောပြသည်။

“လူတွေတော့ လာကြည့်နေကြတာပဲ” ဟု ၎င်းက ပြောသည်။

မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

အမည်းရောင်ရှိသော ကြံချောင်း၏ အဆစ်တစ်နေရာပေါ်တွင် ဦးထုပ်ဆောင်းထားသည့် ဗိုလ်ချုပ်၏မျက်နာ ပုံသဏ္ဌာန်မှာ ပေါ်လွင်နေကြောင်းကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကြသည့် ပုလောမြို့နေသူအချို့က ပြောပြသည်။

“ဦးထုပ်နဲ့ မျက်နှာပုံက တကယ်တူတယ်” ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပုလောမြို့နေ ကိုဝင်းက ပြောသည်။

သို့သော် ယင်းဖြစ်ရပ်ကို သံသယ ရှိနေသူအချို့လည်း ရှိနေသည်။

“ကြံချောင်းပေါ်မှာ ပုံဖော်မယ်ဆိုရင် ဖော်လို့ရတဲ့ အနေအထားရှိတယ် သိပ်မဖြစ်နိုင်ဘူး” ဟု မြိတ်မြို့၊ မြိတ်တောင် ရပ်ကွက်နေ အသက် ၃၀ နှစ်ကျော် ပုံတူပန်းချီဆရာတစ်ဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဗိုလ်ချုပ်ပုံပေါ်နေသည့် ကြံချောင်းမှာ ချောမောနေခြင်းနှင့် ပုံသဏ္ဌာန်မှာ ဘာဝအတိုင်းပေါ်နေသည့် အနေအထားရှိကြောင်း ဒူးရင်းပင်ရှောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောဟန်ကျော်က ပြောပြသည်။

ယင်းကဲ့သို့ ကြံချောင်းပေါ်တွင် ဗိုလ်ချုပ်ပုံပေါ်နေသည်ဆိုကာ အနီးအနား ရွာတို့နှင့် ပုလောမြို့နေသူတို့မှာ စိတ်ဝင်တစားလာရောက် ကြည့်ရှုနေကြပြီး နေ့စဉ်လူဆယ်ဂဏန်းခန့်ရှိကြောင်း ဦးကျော်ဟိန်းက ပြောပြသည်။

Dawei Watch