ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနိုင်ပြီ ဟုဆို

0
531

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

ထားဝယ်နှင့် မြိတ် ဆေးရုံများတွင် ကိုဗစ်စစ်ဆေးသည့်စက်များကို စက်တင်ဘာလ ၃ ရက်နေ့က စတင်လည်ပတ်နေပြီး ကော့သောင်းဆေးရုံရှိ ကိုဗစ် စစ်ဆေးစက်မှာ ပြီးခဲ့သည့်နှစ်ရက်ခန့် ကပင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက တိုင်းအတွင်းရှိ ခရိုင်ဆေးရုံတစ်ရုံလျှင် ကိုဗစ် စစ်ဆေးသည့် စက်တစ်လုံးစီကို ချပေးထားကြောင်း သိရသည်။

မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည်

ယင်းစက်တစ်လုံးလျှင် တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ရှစ်ခုမှ ၁၀ ခု အထိ စစ်ဆေးနိုင်ပြီး လက်ရှိတွင် နမူနာ ခြောက်ခုနှုန်း စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပါက တိုင်းအတွင်းတွင် တစ်ရက်လျှင် စုစုပေါင်း နမူနာ ၁၈ ခုကို စစ်ဆေးနိုင်မည်ဖြစ်သည်။

တိုင်းအတွင်း တပ်ဆင်ထားသည့် စက်များက အရေးပေါ်အနေအထားအတွက် တပ်ဆင်ထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ဒီက နယ်စပ်တိုင်းဖြစ်တယ်။ ဝင်လာတဲ့အပေါ်မှာ သိပ်မသင်္ကာသူတွေဆို ဒီဟာနဲ့ ဖမ်းစစ်လိုက်လို့ရတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်စစ်ဆေးသည့် (GenXPert) စက်ဖြင့် တစ်ခါစစ်လျှင် နမူနာနှစ်ခုကို စစ်ဆေးနိုင်ပြီး အချိန်နှစ်နာရီကြာမည်ဖြစ်ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ရှင်းပြသည်။

ယင်းစက်ဖြင့် ထားဝယ်ဆေးရုံတွင် တက်ရောက်ကုသမည့် ကိုဗစ်သံသယ လူနာများကို ပထမဦးစားပေးစစ်ဆေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို ဒုတိယဦးစားပေး စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သံသယလူနာတွေကို မြန်မြန် စစ်ပေးနိုင်မှ တခြားလူနာကို မကူးမှာ” ဟု ဒေါက်တာမျိုးမင်းက ပြောသည်။

ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး စစ်ဆေးရန်မရှိသည့်အချိန်တွင် စောင့်ကြည့်စခန်းတွင် စောင့်ကြည့်ခံ နေရသူများကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က နမူနာများကို ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးနေရာမှ ဇူလိုင်လမှ စတင်ကာ မော်လမြိုင်တွင် စစ်ဆေးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

Dawei Watch