လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အများစု ကိုဗစ်စည်းကမ်းချက် မလိုက်နာ

0
475

ထားဝယ်ဒေသရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အများစုမှာ အစိုးရကသတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြသည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးသည် ဒုတိယလှိုင်းအသွင်ဖြင့် ကူးစက်မှုနှုန်း အဆမတန်မြင့်တက်လာနေသော်လည်း ယင်းဆိုင်များက ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လျစ်လျူရှုနေ ကြဆဲဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်နိုင်ရန် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းများကို ကျန်းမာရေးဌာနက မေလအတွင်းကတည်းက ထုတ်ပြန်ထားသည်။

ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး

ဆိုင်သို့လာသည့်စားသုံးသူအားလုံးကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းပြီး လက်ဆေးရန်၊ တစ်ဦးနှင့် တစ်ဦးအကြား စားပွဲပေါ်တွင် ကတ်ထူပြား/မှန်ဖြင့် ကာရန်၊ စားသုံးသူများ နှာခေါင်းစည်းနှင့် မျက်နှာကာကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် ရောင်းချပေးရန် စသည့် အချက်များကို စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကြိုတင်ပြင်ထားရမည့် အချက်များအဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဆိုင်ဝန်ထမ်းအားလုံးနီးပါးက နှာခေါင်းစည်းပင် တပ်ဆင်ထားခြင်းမရှိသည်ကို တွေ့ရသည်။

ထိုသို့သော အခြေအနေတွင် ဝေဖန် ပြောဆိုထောက်ပြသူများလည်း ရှိနေသည်။

ဆိုင်အများစုက ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်လက်ရှိအချိန်တွင်ပင် စည်းကမ်းလိုက်နာမှုမရှိသည်ကို တွေ့ရပြီး သက်ဆိုင်ရာဌာနကလည်း ကြီးကြပ်မှု အားနည်းလွန်းနေသည်ကို တွေ့ရကြောင်း ထားဝယ်မြို့နေ ဦးသန်းဇော်လေးက ဆို သည်။

“ပထမလှိုင်းတုန်းက ပုံစံထက်တောင် လိုက်နာမှုလျော့ကျသွားတာ” ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီး ကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျ ကမူ ကိုဗစ်စည်းကမ်းချက် မလိုက်နာ သည့် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များကို စစ်ဆေးတွေ့ရှိပါက ဆိုင်ထိုင်ရောင်းချခွင့် ပြုတော့မည်မဟုတ်ဟု ဆိုသည်။

“သူ့ရဲ့ အရည်အချင်း(စည်းကမ်း) မကိုက်ညီဘူးဆိုရင် ပါဆယ်စနစ်ကို ပြန်သွားခိုင်းမယ်ခင်ဗျား” ဟု ဗိုလ်မှူး ကြီးကျော်ဇေယျက ပြောသည်။

ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

ထားဝယ်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၄၈ ဆိုင်ကို အပတ်စဉ်စစ်ဆေးကြပ်မတ်နေပြီး စည်းကမ်းချက်နှင့်အညီ ရောင်းချကြရန် သတိပေးနေသည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူက တုံ့ပြန်သည်။

အထက်ပါဆိုင်များအပြင် ကွမ်းယာဆိုင်များနှင့် စည်ပင်ဈေးအတွင်း ရောင်းချနေသည့် ဆိုင်ရောင်းသူအများစုကလည်း နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပေ။

Dawei Watch