ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

95
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အမွေဆိုးများရဲ့ဒဏ်

ကမ္ဘာကြီးအတွက် ကြမ္မာဆိုးတစ်ခုကို စစ် အာဏာရှင်စနစ် က ယူဆောင်လာပေးခဲ့တယ်။ သူ့ ရဲ့ဆိုးမွေကလည်း ယခုထိ ဆက်ရှိပြီး ဆိုးကျိုးတွေ ဆက်ဖြစ်နေစေတုန်းပဲ။
စစ်အာဏာရှင်စနစ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တယ်။ ဥပဒေရဲ့ အထက်မှာနေတယ်။ သူတို့ကို အရေးယူလို့ မရဘူး။ သူတို့တင်မကဘူး။ သူတို့ရဲ့အပေါင်းပါစီးပွားရေးသမားတွေကိုလည်း အရေးယူလို့ မရဘူး။

နိုင်ငံရေးအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ စီးပွားရေးအတွက် ကိုယ်ကျိုးစီးပွား အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေဆီကို အလွယ်တကူ ရောက်လာတယ်။ အကျိုးစီးပွား အတွက် ဌာနေပြည်သူတွေကို မောင်းထုတ်မယ်။ တောတောင်မြေယာတွေကိုသိမ်းပိုက်မယ်။ စစ်အာဏာ ရှင်တွေနဲ့ သူ့အပေါင်းအပါတွေဟာ သဘာဝတောတွေကို မီးရှို့ပြီး စိုက်ခင်းတွေအဖြစ် အသွင်ပြောင်းတယ်။

နိုင်ငံရေးစနစ်တွေပြောင်းပြီး အစိုးရအသစ်တွေရောက်လာပေမဲ့ စစ်ဗိုလ်တွေနဲ့ သူတို့ရဲ့ အဆက်အနွှယ်တွေဟာ လွတ်ငြိမ်းခွင့်ရနေတုန်း၊ အာဏာပါဝါ ရှိနေတုန်း၊ အနိုင်ကျင့်လို့၊ ဗိုလ်ကျလို့ ရနေတုန်းပါပဲ။ အခုအပေါ်မှာ ပြောခဲ့တာတွေက အင်ဒိုနီးရှားနိုင်ငံအကြောင်းပါ။

“၂၀၁၅ တုန်းက အရှေ့တောင်အာရှဒေသ တော်တော်များများမှာ မီးခိုးတွေဖုံးလွှမ်းနေတဲ့အခါ ဒါဟာ အာဏာရှင်စနစ်နဲ့ သူ့ရဲ့အကြမ်းဖက် စရိုက်ဆိုးဒဏ်ကို ကျုပ်တို့ခံရတာပေါ့ဗျာ” လို့ ပြောသူက အင်ဒိုနီးရှားသုတေသီနဲ့ ဒါရိုက်တာဂျော့ရှုဝါ အိုပင်ဟိုင်းမာ (Joshua Oppenheimer) ပါ။ သူ့ရဲ့ကမ္ဘာကျော်သတ်ဖြတ်ခြင်းလုပ်ရပ် (The Act of Killing) မှတ်တမ်းရုပ်ရှင်ကို မြန်မာပြည် မှာလည်း ပြသွားဖူးပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ လက်ရှိသဘာဝပတ်ဝန်းကျင်ပြဿနာကို သူက ခုလို ဆက်စပ်ပြပါတယ်။

ဗိုလ်ချုပ်ကြီးဆူဟာတိုရဲ့ စစ်အစိုးရဟာ ၁၉၆၅ ဝန်းကျင် မှာ ကွန်မြူနစ်တွေ၊ ရန်သူတွေလို့ စွပ်စွဲပြီး ပြည်သူငါးသိန်းကနေ တစ်သန်းကြားကို သတ်ခဲ့ပါတယ်။ ဆူဟာတိုရဲ့စစ်ယန္တရားဟာ ပြည်တွင်းပြည်ပကော်ပိုရေးရှင်းနဲ့ ပေါင်းပြီး သဘာဝဝန်းကျင် ရာဇဝတ်မှု (Ecological Crimes) တွေကို ကျူးလွန်နေခဲ့တာ ဒီဆယ် စုနှစ်တွေတစ်လျှောက်လုံးပါပဲ။

၂၀၁၅ မှာ တောမီးအကြိမ် ၁၃၀,ဝ၀ဝ ကျော်လောင်ခဲ့တဲ့အတွက် ကောင်းကင်တစ်ခုလုံး အမှောင်ဖုံးပြီး လူသိရှင်ကြားဖြစ်ပါတယ်။ လူသိပ်မသိဘဲ အလားတူ ပမာဏ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေတာ နှစ် ၂၀ နီးပါးရှိပါပြီ။ ဆီအုန်းစိုက်ခင်းတိုးချဲ့ဖို့အတွက် တရားမဝင်ပေမယ့် လုပ်ငန်းရှင်တွေ လုပ်လေ့ရှိတဲ့နည်း လမ်းတစ်ခုက တောမီးရှို့တာပါပဲ။ အထက်မှာပြောခဲ့သလိုပဲ တရားမဝင် ဘူးဆိုပေမယ့် ဥပဒေအထက်က လူတွေကို ဘာမှ လုပ်မရပါဘူး။

ဆီအုန်းကုမ္ပဏီတွေနဲ့ သူ့ရဲ့ စစ်တပ်က မိတ်ဖက်တွေ တောမီးကြောင့် အကြီးအကျယ်အမြတ် ထွက်နေချိန်မှာ အင်ဒိုနီးရှားပြည်သူတွေကတော့ မတန်တဆပေး ဆပ်နေရပါတယ်။ အသက်ရှူ လမ်းကြောင်းပြဿနာကြောင့် အရှေ့တောင်အာရှမှာ ပြည်သူတစ်သိန်းကျော် နှစ်စဉ်သေဆုံးပါတယ်။ (တောမီးကြောင့် လင်းနို့တွေ မြို့ရွာနားကပ်လာပြီး လင်းနို့ဆီက ဗိုင်းရပ်စ်လူဆီရောက်ပုံကို ကိုဗစ် နောက်ကြောင်းပြန်စာအုပ် မှာရေးခဲ့ပါတယ်။)

ဒါတောင် ဆီအုန်းစိုက်ခင်းတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြင်းထန်တဲ့ ဓာတုပိုးသတ်ဆေး အသုံးပြုမှုတွေ ထည့်မပြောသေးပါဘူး။ အလွန်အကျွံဝယ်ယူစားသုံးမှု ကြီးစိုးတဲ့ ဒီနေ့ခေတ်ကမ္ဘာမှာ ကျုပ်တို့ဝယ်ယူသုံးစွဲနေတဲ့ အလှကုန်တွေ၊ အစားအသောက် တွေဟာ ဆီအုန်း နဲ့မကင်းနိုင်လို့ ခင်ဗျားတို့၊ ကျုပ်တို့တစ်ယောက်ချင်းစီရဲ့ တာဝန်ရှိမှုကိုလည်း ထည့်မပြောသေးပါ ဘူး။

“ကမ္ဘာကြီးပူလောင်လာမှု လျှော့ချဖို့ ကျုပ်တို့ လုပ်သမျှကို အင်ဒိုနီးရှားတောမီးက လှောင်ပြောင်နေသလိုပါပဲ” လို့ ဂျော့ရှုဝါက ပြောပါတယ်။ နှစ်စဉ်တန်ချိန်များစွာသော ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေကို တောမီးက လွှတ်ထုတ်နေ တာကိုး။ တကယ်က ဒီထက်ပိုပြီး တောမီးနောက် က စစ်တပ်နဲ့ စီးပွားရေးယန္တရားထင်တိုင်းကြဲနေ လို့ရနေတဲ့ ဖွဲ့စည်းပုံအခြေအနေတွေကို မြင်ရမှာလို့ သူကဆိုပါတယ်။

ဥတုရာသီဘေး၊ သဘာဝ ဝန်းကျင်ပျက်စီးမှုနဲ့ မညီမျှမှု ပြဿနာတွေ ဆက်စပ်နေပါတယ်။ သဘာဝ၀န်းကျင်ဘေး ဒုက္ခနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှု ဘေးဒုက္ခကို တွဲမြင်ဖို့ ဂျော့ရှုဝါက တိုက်တွန်းပါတယ်။

တစ်ဖက်မှာလည်း လက်နက်ကိုင်ထားတဲ့ လူတစ်စုနဲ့ သူ့ရဲ့အပေါင်းပါတွေ ထင်တိုင်းကြဲခွင့်ရတဲ့ စစ်အာဏာရှင်စနစ်ဟာ အကြီးမားဆုံးသော မညီမျှမှုပုံ သဏ္ဌာန်ဆိုတာကို မြင်ခဲ့ကြုံခဲ့ကြပါပြီ။ ပိုဆိုးတာက စနစ်တွေ ပြောင်းသွားရင်တောင်မှ အခြေကျနေတဲ့ တစ်ဖက်စောင်းနင်း လူမှုစီးပွား ယန္တရားကြီးကို ပြောင်းလဲဖို့ ခက်တဲ့ကိစ္စပါ။

“ခင်ဗျားတို့ကို တောင်းပန် ပါရစေ။ သဘာဝ ရပ်ဝန်းတွေကို မမေ့ကြပါနဲ့။ သဘာဝရပ်ဝန်း ပျက်စီးမှုကနေလာတဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူစီးကား၊ ကုန်တင်ကားရှိသမျှကလာတဲ့ ထုတ်လွှတ်မှု ထက်များပါတယ်။ ခင်ဗျားတို့ရဲ့ အိမ်ခေါင်မိုး တိုင်းမှာ ဆိုလာပြားတွေ တပ်စေဦးတော့၊ ခင်ဗျားတို့အားလုံးက ဓာတ်ဆီ၊ ဒီဇယ်ကားတွေ မမောင်းဘဲ လျှပ်စစ်ကားပဲ မောင်းစေဦးတော့ ဆူမတ်တြားတောကြီးတွေ မီးလောင်နေသမျှတော့ ဥတုဘေးမှာ ကျုပ်တို့အရေးနိမ့်မှာပါပဲ။

အမေဇုန်တောကြီး မီးလောင်နေသမျှတော့ ကျုပ်တို့အရေး နိမ့်မှာပါပဲ။ ဌာနေပြည်သူပိုင်ဒေသတွေကို ကျူးကျော် ဝင်ရောက်နေသရွေ့တော့ ကျုပ်တို့အရေးနိမ့်မှာ ပါပဲ။ ရေတိမ်တောတွေနဲ့ စိမ့်တောတွေကို ဖျက်ဆီး နေသမျှတော့ ဥတုဘေးလျှော့ချဖို့ ကျုပ်တို့ရဲ့ ရည်မှန်းချက်တွေဟာ အလှမ်းဝေးနေဦးမှာပါပဲ။ ကျုပ်တို့မှာ အချိန်ကလည်း မရှိတော့ဘူး။ သဘာဝရပ်ဝန်းတွေကို ဖျက်ဆီးနေတာတွေ မရပ်သရွေ့တော့ ဘာလုပ်လုပ်မထူးဘူး။ ဘာ့ကြောင့်လဲ။

ဒီသဘာဝရပ်ဝန်း တွေဟာ ကာဗွန်စုပ်ယူပေးတဲ့ မဟာနေရာဌာနကြီးတွေဖြစ်လို့ပါ။ ကြီးမားပြင်း ထန်တဲ့ သဘာဝဘေးတွေ လျော့ကျဖို့ ကျုပ်တို့ လုပ်ရ မယ့် အလုပ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဒီသဘာဝ ရပ်ဝန်းတွေက လုပ်ပေးနေတာ။ ဒီအချိန်၊ ဒီကာလ၊ ဒီအကျပ်အတည်းမှာ တစ်ကမ္ဘာလုံးပမာဏနဲ့ ကာဗွန် စုပ်ယူပေးနိုင်တဲ့ တစ်ခုတည်းသောဖြစ် နိုင်ခြေက ဒီသဘာဝရပ်ဝန်းတွေပဲ။ ရှင်းရှင်းပြော ရရင် သဘာဝကို မကာကွယ်ရင် ကျုပ်တို့ကိုယ် ကျုပ်တို့ မကာကွယ်နိုင်ဘူး”

၂၀၁၅ ရာသီဥတုအရေး လှုပ်ရှားမှုညီလာခံမှာ ဟယ်ရစ်ဆင်ဖို့ (Harrison Ford) ပြောခဲ့တဲ့ မိန့်ခွန်းတစ်စိတ်တစ်ပိုင်းဟာ အထက်ပါအတိုင်း ဖြစ်ပါတယ်။ သဘာဝကို မကာကွယ်ရင် ကျုပ်တို့ ကိုယ်ကျုပ်တို့မကာကွယ်နိုင် (If we don’t protect nature, we can’t protect our selves.) ဆိုတဲ့ ခေါင်းစဉ်နဲ့ စူးရှပြတ်သားတဲ့ သူ့မိန့်ခွန်းကို အင်တာနက်မှာ ကြည့်နိုင်ပါတယ်။

သူရည်ညွှန်းတဲ့ဆူမတ်တြား (အင်ဒိုနီးရှား)တောကြီးမီးလောင် နေတုန်းဆိုတာကို သိနေတဲ့ အတွက်လည်း တစ်ဖက်မှာ စိတ်ပျက်ရပါတယ်။ စီးပွားရေး၊ အကျိုးစီးပွားတွေကို ကာကွယ်မယ်လို့ ကြွေးကြော်ပြီးတက်လာတဲ့ ဘရာဇီးကသမ္မတ ကြောင့်လည်း အမေဇုန်တောရဲ့ကံကြမ္မာကို စိတ်ပူကြရပါတယ်။ ဂျော့ရှုဝါကတော့ အင်ဒိုနီးရှားဖြစ်ရပ်မှာ လက်သည်ဟာ စစ်စီးပွားယန္တရားနဲ့ အရေးယူလို့မရ လွတ်ငြိမ်းခွင့်ရနေတဲ့အခြေအနေပဲ (Impunity) လို့ ထောက်ပြပါတယ်။

အင်ဒိုနီးရှား ပြည်သူတွေကလည်း ဒီလိုအရေးယူလို့မရ၊ မမျှတ တဲ့အခြေအနေကို အဆုံးသတ်ဖို့ ရှည်ကြာတဲ့ အားထုတ်မှုကို လုပ်နေတာပါပဲ။ ရှေ့လည်းဆက် လုပ်နေကြဦးမှာပဲ။ အင်ဒိုနီးရှားပြည်သူတွေရဲ့ ဒီရုန်းကန်မှုရဲ့အနိုင်အရှုံးဟာ လူသားမျိုးနွယ်ရဲ့ အသက်ရှင်ရပ်တည်ရေးကို အကျိုးသက်ရောက်နေတယ်လို့ သူက မှတ်ချက်ချပါတယ်။