မူးယစ်ဆေးအကျဉ်းသားများ တစ်ရက်ကျွေးမွေးစရိတ် ကျပ်သိန်းသုံးဆယ်ခန့်ကုန်

0
235

တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေးကြောင့် ထောင်ကျနေသူများကို တစ်ရက်တာ ကျွေးမွေးစရိတ်က ကျပ်သိန်းသုံးဆယ်ခန့်ကုန်ကျကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း အကျဉ်းသားဦးရေ လေးထောင်ကျော်ရှိသည့်အနက် မူးယစ်ဆေးအမှုကြောင့် ထောင်ကျနေသူ သုံးထောင်ဝန်းကျင်အထိ ရှိနေ ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ဆိုသည်။

တိုင်းအတွင်း အကျဉ်းထောင် သုံးခု နှင့် အလုပ်စခန်း နှစ်ခုရှိသည်။

ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

အဆိုပါ အကျဉ်းသားတစ်ဦးအတွက် တစ်ရက်လျှင် ငွေကျပ်တစ်ထောင်နှုန်း ကျွေးမွေးနေသည့်အတွက် တစ်ရက်ကုန် ကျစရိတ်က ကျပ်သိန်းသုံးဆယ်ခန့်အထိ ရှိကြောင်း ၎င်းက ဆိုသည်။

“သိန်းသုံးဆယ်လောက်ကို ကျန်းမာရေး ပညာရေး လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေမှာ သုံးလို့ရှိရင် အရမ်းအကျိုးရှိမှာ ပေါ့နော်” ဟု ဦးထွန်းခိုင်က ပြောသည်။

ထို့အပြင် မူးယစ်ဆေးဖြင့် အကျဉ်းကျနေသူများ၏ ၅၅ ရာခိုင်နှုန်းက လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်နေကြောင်း ၎င်းက ဆိုသည်။

အကျဉ်းသားများကို တစ်ပတ်လျှင် အသားလေးကြိမ်ကျွေးပြီး တစ်ဦးလျှင် ခုနစ်ကျပ်သားနှုန်းဖြင့် ကျွေးနေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

လတ်တလောတွင် တိုင်းအတွင်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများရှိ အကျဉ်းသားများကိုကျွေးမွေးမည့် ဆန်အိတ်ရေ နှစ်သောင်းကျော်ဝယ်ယူရန် တင်ဒါခေါ်ထားသည်။

Dawei Watch