ရွေးကောက်ပွဲဝင်ရန် စည်ပင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

0
531

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်စဉ်က သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည့် ဦးသန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ ရွေးကောက်ပွဲဝင်ရန်အတွက် စည်ပင်သာယာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။

ဦးသန်းမြင့်သည် ၂၀၁၀ မှ ၂၀၂၀ နှစ်ဦးပိုင်းအထိ သရက်ချောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကို နှစ်ကြိမ်ဆက် အရွေးခံခဲ့ရသူ ဖြစ်သည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

စည်ပင်ကော်မတီတွင် တာဝန် မထမ်းဆောင်ခင်အချိန်က သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အဆင့် ထိပ်ပိုင်းခေါင်းဆောင် (EC အဖွဲ့ ဝင်) တစ်ဦးဖြစ်သည်။

စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံလိုက်ရသောအခါ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့်အတွက်ကြောင့် ပါတီမှနုတ်ထွက်လိုက်ရပြီး ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဝင်အဖြစ်နှင့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးရှိခဲ့သော်လည်း စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကိုယူထားရသဖြင့် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ခွင့် မရခဲ့ကြောင်း ဦးသန်းမြင့်က ဆိုသည်။

“တကယ်လို့ (၂၀၁၅ ခုနှစ်က) စည်ပင်ဥက္ကဋ္ဌသာမလုပ်ရဘူးဆိုရင် သေချာပေါက် အမတ်လောင်းတစ် ယောက်ဖြစ်နေဖို့ သေချာတယ်” ဟု ၎င်းက ဆိုသည်။

စည်ပင်ကော်မတီဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပါက ပါတီမှနုတ်ထွက် ရမည်ဆိုသည်ကိုလည်း ယင်းအချိန်က မသိခဲ့ကြောင်း ၎င်းက ပြောသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းပါတီမှ ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ရခြင်းမှာ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်း၏ အရည်အချင်းကို သဘောကျခြင်းကြောင့်ဖြစ်ပြီး သရက်ချောင်းမြို့နယ် ဖွံ့ဖြိုးတက်စေရန်အတွက် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေဝယ်သီရိရုပ်ရှင်ရုံ ဖျက်ပြီးပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပက အဖွဲ့ ကန့်ကွက်

“စည်ပင်မှာလုပ်နေရင် ရှစ်ရွာပဲ လုပ်ခွင့်ရမယ်လေ။ မြို့နယ်မှာ အဘက်ဘက်ကနေ ပါဝင်ရမယ်ဆိုရင် ပိုအကျိုး ရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီပါတီကနေ ရွေးကောက်ပွဲဝင်လိုက်တာပါ” ဟု ဦးသန်းမြင့်က ဆိုသည်။

ဦးသန်းမြင့်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းလွှတ်တော်အတွက် သရက်ချောင်း မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုကြေညားထားပြီးဖြစ်သည်။

သရက်ချောင်းစည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအသစ်မှာလည်း စက်တင်ဘာလ ၁ ရက်ကစပြီး စည်ပင် ကော်မတီတာဝန်များကို စတင်ထမ်း ဆောင်နေပြီဖြစ်သည်။

ကျော်သူစိုး