ပြည်ထောင်စု၏ ဒေါ်လာဈေးသတ်မှတ်ချက်ကြောင့် လျှပ်စစ်အရေးတွင် ထားဝယ်လူထုနစ်နာ

0
272

ထားဝယ်ခရိုင် လျှပ်စစ်သုံးစွဲသည့် ယူနစ်ဈေးနှုန်းကို သုံးလတစ်ကြိမ် ပြောင်းလဲသတ်မှတ်နိုင်သည့် စည်းကမ်းချက်ရှိသည်။ ဒေါ်လာဈေးကျလျှင် လျှပ်စစ်ယူနစ် ဈေးကျမည်။ ဒေါ်လာ ဈေးတက်လျှင် လျှပ်စစ်ယူနစ် ဈေးတက်မည်။

သို့သော် ယခုအခါ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ထားသော ဒေါ်လာဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းအကြား ကွာဟချက် ကြီးမားနေခြင်းက လျှပ်စစ်မီးသုံးစွဲသူ ထားဝယ် လူထုကို နစ်နာနေစေသည်။

သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

ထားဝယ် ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်တင်ဒါခေါ်စဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်း အတက်အကျအပေါ် မူတည်၍ သုံးလလျှင် တစ်ကြိမ်လျှပ်စစ် ယူနစ် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ် နိုင်သည်ဟု စည်းကမ်းချက် ပါရှိသည်။

လက်ရှိထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ကုမ္ပဏီ တင်ဒါ ယှဉ်ပြိုင်ချိန်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၁၃ ကျပ် ပေါက်ဈေးရှိသည်။

ယခုစက်တင် ဘာလ ၅ ရက်နေ့ ငွေလဲလှယ်နှုန်းအရ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၅၅ ကျပ်ဈေးပေါက်နေသည့်အတွက် တစ်ဒေါ်လာလျှင် ၁၅၈ ကျပ် ဈေးကျ သွားပြီ။

ထိုသို့ ငွေလဲလှယ်နှုန်း ကျသွားသည့်အတွက် လျှပ်စစ်ယူနစ်ဈေးနှုန်းကိုလည်း ကျသွားသည့်ငွေဈေးအတိုင်း တွက်ချက်ကာ တင်ပြရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည်

သို့ရာတွင် ဈေးနှုန်းအပြောင်းအလဲ လုပ်ရန် ကုမ္ပဏီဘက်က လက်ရှိအချိန် ထိ အဆိုပြုတင်ပြလာခြင်း မရှိသေး ကြောင်း ၎င်းက ဆိုသည်။

“သူတို့(ကုမ္ပဏီ)ဘက်က မလာဘူး ဆိုရင် အကြောင်းကြားစာ ပို့မှရမှာပေါ့” ဟု ဦးအောင်သူရက ပြောသည်။

လက်ရှိ ဒေါ်လာငွေလဲလှယ်နှုန်း ကျနေသော်လည်း လက်ရှိအချိန်ထိ ယူနစ်ဈေးနှုန်းပြင်ဆင်ခြင်းမရှိသည့်အတွက် မီးသုံးစွဲသည့် ပြည်သူများ နစ်နာနေရကြောင်း လျှပ်စစ်အရေး လှုပ်ရှား နေသူတစ်ဦးဖြစ်သည့် ကိုဝေဖြိုးက ဆိုသည်။

“တင်ဒါစည်းမျဉ်းစည်းကမ်း အတိုင်း အရေးယူဆောင်ရွက်တာတွေ၊ ကြပ်မတ်တာတွေ ပြန်ပြီးထိန်းကျောင်းဖို့ လိုအပ်နေတယ်လို့ ထင်တယ်” ဟု ကိုဝေဖြိုးက ပြောသည်။

အထက်ပါကုမ္ပဏီဘက်မှ ဂက်စ်အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် အဆင်သင့်မဖြစ်သည့်အတွက် စတင် လုပ်ကိုင်ချိန်မှ ဇွန်လကုန်အထိ ဒီဇယ်အင်ဂျင်များဖြင့် ထုတ်လုပ်ဖြန့်ဖြူး နေသည်။

ယင်းကုမ္ပဏီက လက်ရှိဇူလိုင်လမှ စတင်ကာ ဂက်စ်အင်ဂျင်များဖြင့် လျှပ်စစ် ထုတ်လုပ်နေပြီဖြစ်သည့်အတွက် အောက်တိုဘာလမှစကာ ဒေါ်လာ ငွေလဲလှယ်နှုန်းအတိုင်း လျှပ်စစ်ယူနစ် ဈေးနှုန်းကို ပြောင်းလဲသတ်မှတ်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

သို့ရာတွင် လျှပ်စစ်ဝန်ကြီးပြော ကြားချက်နှင့် ကုမ္ပဏီပြောဆိုချက်မှာ ကွဲလွဲမှုအချို့ရှိနေသည်။ ယင်းကား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့အကြား ချိတ်ဆက်မှုလွဲချော် ခြင်းလည်း ဖြစ်သည်။

တင်ဒါစည်းမျဉ်းတွင် ယင်းကဲ့သို့ ဖော်ပြထားသော်လည်း သဘာဝဓာတ် ငွေ့ဝယ်ယူရေး စာချုပ်တွင် MOGE (မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ကို မြန်မာကျပ်ငွေဖြင့်သာ ပေးသွင်းရန် သတ်မှတ်ထားသည်ဟု ကုမ္ပဏီဘက်က ဆိုသည်။ ယင်းအပြင် သဘာဝ ဓာတ်ငွေ့ဖိုးပေးသွင်းရန် ဒေါ်လာငွေ လဲလှယ်နှုန်းကို ရသုံးမှန်းခြေငွေစာရင်း က ခြောက်လတစ်ကြိမ် သတ်မှတ်ပေးပြီး ယင်းသတ်မှတ် ငွေလဲလှယ်နှုန်းအတိုင်းသာ ပေးသွင်းရသည်ဟု လျှပ်စစ်ထုတ် လုပ်နေသည့် Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနက အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ် ထားသည်ဟု ဆိုသည်။ ထိုကြောင့် တင်ဒါ စည်းမျဉ်းအတိုင်း သုံးလတစ်ကြိမ် လျှပ်စစ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနကလည်း ဘဏ္ဍာရေးနှစ်အစဖြစ်သည့် အောက်တိုဘာလတွင် ဒေါ်လာငွေ လဲလှယ်နှုန်းထားကို သတ်မှတ်ရန်ရှိနေပြီး မည်မျှသတ်မှတ်မည်ကို မသိရ သေးပေ။

“ရသုံးမှန်းခြေက ဘယ်လောက် သတ်မှတ်မလဲဆိုတာ သတ်မှတ်ချက် အပေါ်မူတည်ပြီးမှပဲ ဓာတ်အားခကို ဈေးနှုန်းပြောင်းလို့ ရမယ်ခင်ဗျား” ဟု ဦးတင်ထွန်းဦးက ပြောသည်။

သဘာဝဓာတ်ငွေ့ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေခွင့်ပြုရန် MOGE ထံ တင်ပြခဲ့ဖူးသော်လည်း ခွင့်မပြုကြောင်း ၎င်းက ရှင်းပြသည်။

ထားဝယ်ခရိုင်အတွင်း သုံးစွဲမည့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် တစ်ရက် လျှင် သဘာဝဓာတ်ငွေ့ကုဗပေ နှစ်သန်းကို ဝယ်ယူရန်ကို MOGE က ခွင့်ပြုထားသည်။

အထက်ပါ အခင်းအကျင်းအရ ပြည်ထောင်စုနှင့် တိုင်းဒေသအကြား အချိတ်အဆက်ကွာဟမှုကြောင့် ဒေါ်လာဈေးငွေလဲလှယ်နှုန်း ကျနေသော်လည်း ထားဝယ်ဒေသနေ ပြည်သူများ တင်ဒါ စည်းမျဉ်းအတိုင်း ခံစားခွင့်မရရှိဘဲ နစ်နာမှုများရှိနေသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

ထိုနစ်နာချက်များအပြင် ကိုဗစ်ကာလအတွင်း တစ်လလျှင် လျှပ်စစ် ယူနစ် ၁၅၀ အခမဲ့ခံစားခွင့်ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုခဲ့သော်လည်း တနင်္သာရီတိုင်းသားများ အပြည့်အဝ ခံစားခွင့်မရရှိခဲ့ပေ။

လျှပ်စစ်အရေးက ထိလွယ်ရှလွယ် ကိစ္စဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူရာတွင် သတ်မှတ်သည့် ဒေါ်လာငွေ လဲလှယ်နှုန်းကို လက်ရှိအခြေအနေနှင့် အနီးစပ်ဆုံးဖြစ်စေရန် တိုင်းအစိုးရအနေဖြင့် ပြည်ထောင်စုထံ တင်ပြသင့်ကြောင်း တနင်္သာရီသယံဇာတ အကျိုး ခံစားခွင့်ရရှိရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဇော်သူရက ဆိုသည်။

“ဒါတွေက အစိုးရနဲ့ ပြည်သူလူထု ကြားမှာ တဖြည်းဖြည်းနဲ့ ဟလာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

Dawei Watch