ကီဝီတောက ဘောဂတွင်းများ

104
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရိုးတံကျဲကျဲ ခြောက်ခြောက်ကပ်ကပ် အပင်တွေမှာ ပုရစ်ဖူးကလေးတွေ၊ ပန်းအဖူးအငုံတွေ ပြန်တွေ့လာရပြီ။ အပင်တချို့ကဆို ပန်းပွင့်လေးတွေ ဝေဝေဆာဆာ ငွားငွားစွင့်စွင့် ပြန်လည်ဖူးပွင့်လို့။ ဒါဟာ မကြာခင် ဆောင်းကုန်တော့မယ့် နိမိတ်ပဲရယ်လို့ ကျွန်တော်တွေးနေ ခဲ့မိတယ်။ ကျွန်တော့်အိမ်ရှေ့ ဝိတိုရိယတောင်ကြီးပေါ်က ထင်းရှူးတောအုပ်ကြီးကတော့ ဆောင်းတွင်းတစ်လျှောက် ကျေးငှက်သာရကာ မြူးသံ သိပ်မကြားရဘဲ မိုးစက်တွေအောက်မှာ ငြိမ်ချက်သား ကောင်းလွန်းနေခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လဆန်းတွေမှာ နယူးဇီလန် ရဲ့ဆောင်းဟာ ကြမ်းကြမ်းတမ်းတမ်း ရှိခဲ့တယ်လို့ဆိုရမယ်။

အေးစက်လွန်းလို့ အပင်တွေမှာ ပန်းပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ငြိမ်ကုပ်နေရရှာတယ်။ ဆောင်းတွင်းမှာ သီးနှံတချို့ မထွက်နိုင် တာမို့ အသီးအရွက် တချို့ရဲ့ဈေးဟာ ခေါင်ခိုက်နေခဲ့တယ်။ ရှားနေခဲ့တယ်။ ကိုယ့်ရဲ့ မြို့လေး ဝယ်လင်တန်မှာတော့ လေကထန်ထန်၊ မိုးကသည်းသည်းနဲ့ နေ့တာကတိုတို နေရောင်ကို သိပ်မမြင်ရတာနဲ့ အပင်တွေခမျာ ရာသီဥတုဒဏ်ကို အတော်လေးခံခဲ့ရရှာမှာ။ အခုတော့ မကြာခင်မှာ ဆောင်းဟာ နှောင်းတော့မယ့်ဟန် ပြင်နေပါပြီ။

နေသာတဲ့ ရက်ကလေးများ ဆက်တိုက် ရလာတာနဲ့အမျှ ဆောင်းခိုငြိမ်ကုပ် အိမ်တွင်းအောင်းလုပ်နေရတဲ့ ကျွန်တော်တို့ဟာ ကီဝီတောထဲ ဟိုဟို ဒီဒီ လျှောက်သွားဖို့ ကြံနေခဲ့ကြပါတယ်။ ရာသီဥတုသာယာ၊ နေ့တာရှည်လျားလှတဲ့ ဖေဖော်ဝါရီနှောင်း မတ်လဆန်းမှာ နယူးဇီလန်ကို ရောက်ခဲ့ပေမဲ့ ကိုဗစ် နှောင့်တာကြောင့် နှစ်လနီးပါးလောက် အိမ်တွင်းအောင်းနေခဲ့ရရင်း အပြင်ထွက် လို့ မကောင်းတဲ့ ချမ်းချမ်းစီးစီး ဆောင်းတွင်းကြီးကို ကြုံပါလေရော။ သည်လိုနဲ့ နယူးဇီလန်မှာ နေရမယ့်အချိန် ထက်ဝက် လောက်ကုန်ပါလေရော။

သည်တော့လည်း မပြန်ခင်လေး အချိန်ရသလောက် ကီဝီတောထဲမှာ ကျွန်တော်တို့ ခရီးဖောက် ခဲ့ကြပါတယ်။ တချို့ခရီးတွေက သင်တန်းက လေ့လာရေးခရီးအဖြစ် စီစဉ်ပေးတာဖြစ်ပြီး တချို့ခရီးတွေကျပြန်တော့ အားလပ်ရက်ကလေးမှာ မိတ်ဆွေတချို့ နဲ့ စုပြီးသွားတာ၊ အိမ်က လူကြီးတွေ လိုက်ပို့တာမျိုးပါပဲ။

မှတ်မှတ်ရရပဲ သိုးခြံကျယ်ကြီးတစ်ခုဆီ သွားလေ့လာခဲ့ရတာကို သတိရနေမိတယ်။ သိုးခြံတွေဆိုတာ ဝယ်လင်တန် နဲ့ သိပ်မဝေးလှတဲ့ နယ်ဘက်တွေမှာ ကားလမ်းဘေးတစ်ဖက်တစ်ချက်စီ မျက်စိတစ်ဆုံးကြည့်မကုန်အောင်ပေါလှတယ်။ ကျွန်တော်တို့ရောက်ခဲ့တဲ့ ခြံကတော့ တကယ့် အကျယ်ကြီး။ ဧကရာချီကျယ် နိုင်တယ်။ သိုးတွေလည်း အကောင် ရာထောင်ချီရှိရဲ့။

ခြံဆိုပေသိ မြေပြန့်ချည်း မဟုတ်။ မြက်ခင်းစိမ်းစိမ်းတွေကွင်းပြည့် လွှမ်းထားတဲ့ တောင်စိမ်းစိမ်းတွေရယ် ရိုးတံကျဲကျဲ အရွက်နည်းနည်းနဲ့ အပင်တွေရယ်၊ မြက်ခင်းစိမ်းစိမ်းမှာ ဖြူဖြူလွလွနဲ့ ထင်ရှားနေတဲ့ သိုးအုပ်တွေရယ်၊ သိပ်မမြင့်လှတဲ့ သစ်သားခြံစည်းရိုးတွေရယ်နဲ့ ပနံရလှပလို့နေတဲ့အရပ်။ ခြံရဲ့ အလယ်နားလောက်မှာရှိတဲ့ တောင်ကုန်းပေါ်က လှမ်းကြည့်လိုက်လို့ရှိရင် ပြာလဲ့လဲ့ ဣန္ဒြေ အပြည့်နဲ့ ပင်လယ်ကြီးကို တွေ့နေရတယ်။

သည်ကလယ်သမား ခြံသမားများဟာ မြက်စိုက်ကြတယ်လို့ဆိုတယ်။ စိုက် တာကမှ ဧက သိန်းသန်းချီ စိုက်ကြတာ ရယ်။ နယူးဇီလန် လူဦးရေစုစုပေါင်း (ငါးသန်းခန့်ရှိ)ရဲ့ ဆယ်ဆမက များနိုင်တဲ့ သိုးတွေ နွားတွေ မြင်းတွေအတွက် အစာကျွေး၊ လွှတ်ကျောင်းဖို့ မြက်တွေ၊ စားကျက်တွေ အများကြီးလိုတယ်လေ။ သိုးခြံ၊ နွားခြံ၊ မြင်းခြံ ဆိုပေသိသည် အကောင်တွေကို ခြံအပြည့် လွတ်လွတ် လပ်လပ် လွှတ်ထားတာမျိုးတော့မဟုတ်။

စားကျက်ကို စနစ်တကျ အကွက်ချ ခြံခတ်ပြီး လွှတ်ကျောင်းတယ်။ ဒါမှ အကောင်တွေလည်း အစာဝ မြက်လည်း ပြန်လှလာနိုင်သတဲ့။ ဥပမာ ၁၀ ဧက ကျယ်တဲ့ခြံမှာ တစ်ဧက တစ်ကွက်နှုန်းနဲ့ အကွက်ပြန်ခွဲ ခြံပြန်ခတ်ပြီး အကွက် ဆယ်ကွက်ရအောင်လုပ်ထားမယ်။ အဲဒီလို အကွက်တစ်ကွက်ထဲမှာ နှစ်ရက်ကို တစ်ကွက်နှုန်းနဲ့ အကောင်တွေကို လွှတ်ကျောင်းမယ်။ အဲလို စနစ်တကျ အလှည့်နဲ့ လွှတ်ကျောင်း အစာကျွေးတာမို့ အကွက်တစ်ကွက်မှာ အကောင်တွေစားသွားလို့ ပါးသွားတဲ့ မြက်တွေကို ပြန်ပြုစုဖို့ ရက်ပေါင်း နှစ်ဆယ်လောက် အချိန်ပြန် ရတဲ့သဘောပါပဲ။ သိုးမွေးထုတ်တယ်။ သိုးသားထုတ်တယ်။

နွားနို့နဲ့ နို့ထွက် ပစ္စည်းထုတ်တယ်။ အမဲသားနဲ့ အမဲသား ရေထုတ်တယ်။ မရီးနိုး (Merino) လို့ ခေါ်တဲ့ သိုးမွေးသန့်သန့်ဆိုရင် အတော်လေး ဈေးကြီးရဲ့။ သိုးမွေးထုတ်တဲ့ နိုင်ငံတွေထဲ နယူးဇီလန်ဟာ ထိပ်တန်းကပါပါတယ်။ ဒါတွေက ကီဝီတွေအတွက် စီးပွားရေးထောက်တိုင်တွေပါပဲ။
စပျစ်ခြံတစ်ခုကို ရောက်ဖြစ်ခဲ့တာကိုလည်း အမှတ်တရရှိနေတယ်။ ကီဝီတောမှာ စပျစ်ခြံတွေလည်း ပေါလိုက်သမှ ကိုယ်တွေဆီ ဧရာဝတီက လယ်ကွက်တွေ လိုပ။ တမျှော်တခေါ်နဲ့ရယ်။ အထူးသဖြင့် နယူးဇီလန်ရဲ့တောင်ကျွန်းမှာ ပိုပေါတယ်။ ကျွန်တော်တို့ အလည် ရောက်ခဲ့တဲ့ ခြံကတော့ မြောက်ကျွန်းက ခြံငယ်လေးတစ်ခုပါပဲ။

ကျွန်တော်တို့ ရောက်သွားချိန်က ရာသီဥတုသိပ်မကောင်း လှတဲ့ ဆောင်းတွင်းကြီးဆိုတော့ စပျစ်နွယ် ငုတ်စိကလေးတွေသာ တွေ့ခဲ့ရတာကလား။ စပျစ်က ဝိုင်ထုတ်ဖို့ စိုက်ကြ တာရယ်။ ကီဝီတောက ဝိုင်လုပ်ငန်းကလည်း မသေးလှဘူး။ ခြံရှင်ရဲ့ စကားအရ ဆိုရရင် ဝိုင်လုပ်ငန်းဟာ နှစ်ပေါင်းများစွာ အရင်းအနှီးကြီးကြီးနဲ့ အချိန်ယူရတာ မျိုးပါတဲ့။ စပျစ်တွေကို စိုက်ရပျိုးရ ပြုစုရတာကလည်း လက်ဝင်လှသလို ငွေကုန်ကြေးကျများတယ်။ တစ်ခါခါများ မြူတွေသိပ်ဆိုင်းလွန်းရင် စပျစ်ပင် ပျက်တတ်တာမို့ မြူရှင်းပေးရသတဲ့။ မြူရှင်းရမှာသုံးရတဲ့ စက်တွေ၊ တစ်ခါခါ လေယာဉ်ပျံသုံးပြီး မြူရှင်းရတာတွေကြောင့်လည်း ငွေလည်း ကုန်လှပါရဲ့လို့ ခြံရှင်က ညည်းလေရဲ့။

ဝက်သစ်ချသားနဲ့ လုပ်ထားတဲ့ ဝိုင်နှပ်တဲ့ စည်ပိုင်းကြီးတွေနဲ့ အခြားစက်ကိရိယာတွေရဲ့ တန်ဖိုးကလည်း မနည်းလှဘူးလေ။ ဝိုင်လုပ်ငန်းကို ရယ်စရာအဖြစ် “တစ်သန်းရဖို့ နှစ်သန်းရင်းရတယ်” ရယ်လို့ ပြောကြတယ်။

ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး စပျစ်ရဲ့အရသာ အမျိုးမျိုး ပြောင်းတတ်တာမို့ တစ်နှစ်တစ်နှစ် ထုတ်တဲ့ ဝိုင်ရဲ့ အရသာလည်း မတူဘူး လို့ဆိုပါတယ်။ သောက်လေ့မရှိတဲ့ ကျွန်တော်တောင်မှ ခြံရှင်ကြီး ဟောတဲ့ ဝိုင်အရသာကွဲပြားပုံ တရားမှာ နစ်သွားမိတယ်။ ဒီလိုနဲ့ မတူကွဲပြားတဲ့ အရသာသိအောင်၊ ဘယ်နည်းဘယ်ပုံ အရသာခံ သောက်ရတယ်ဆိုတဲ့ ခြံရှင်ကြီးရဲ့ ဝိုင်သောက်နည်း နိဿရည်းဟောပြောမှုကို လက်တွေ့စမ်းသပ်နိုင်တဲ့ အချိန်ရောက် လာတော့ ကျွန်တော်ဟာ ဝိုင်ခွက်ကလေးကို ကိုင်မိလျက်သားဖြစ်သွားခဲ့တယ်။

ခြံရှင်ကြီးကတော့ ကျွန်တော်တို့အတွက် ဝိုင်တွေကို ငှဲ့ပေးရင်း ဝိုင်ဋီကာဖွဲ့လို့ ဘယ်ဝိုင်က ဘယ်ခုနှစ်က ဘယ်လိုအရသာ ဘယ်လိုလေး အရသာခံပါ စသဖြင့် တဖွဖွမှာနေရဲ့။ ကျွန်တော့်မှာလည်း သူ့ရဲ့ညွှန်ကြားချက်အတိုင်း မြည်းစမ်းကြည့်မှ သြော်သည်လို ကွာပါလား။ သည်လို အရသာခံရပါလားလို့ သိခွင့်ရခဲ့ပေရဲ့။

ကီဝီတောမှာ လည်ပတ်စရာတွေကဖြင့် ခပ်များများ။ ကျွန်တော်လည်း မိတ်ဆွေအချို့နဲ့ ကျောင်းပိတ်ရက်တွေ ရရင် ရသလို သွားဖြစ်တယ်။ ဝယ်လင်တန်နဲ့ မဝေးလှတဲ့ အနီးအနားက လေရဟတ်တွေ သိုးခြံကျယ်တွေရှိတဲ့ မက်ခရာ ကမ်းခြေ၊ အိုတာကီမြစ်ကလေးတဝိုက်က တောင်တွေ၊ နှင်းဖုံးနေတဲ့ တောင်တွေကို လှမ်းမြင်နေရတဲ့ ဝိုင်ကဝါကမ်းခြေ၊ ပက်ခါ ခရီခီကမ်းခြေ၊ ဝိုင်ကနိုင်း ကမ်းခြေစတဲ့ နေရာတွေကို သွားဖြစ်ခဲ့ရဲ့။

သည်နေရာတွေက ပြောပလောက်အောင် အံ့ဘနန်းလှနေတာတော့မဟုတ်ပေသိ သဘာဝ ဆန်ဆန်ဖြစ်အောင် လူတွေ သွားလာလည်ပတ်နိုင်အောင် စနစ်တကျ ထိန်းသိမ်းပေးထားတော့ လူတွေ လည်ပတ်ကြတာပါပဲ။ ရောက်ဖြစ်ခဲ့တဲ့ ကမ်းခြေတွေဆိုလည်း ရေကြည်တာ၊ သဲသောင်လှတာ၊ ခရုမျိုးစုံတာ စတဲ့ဘက်မှာ တနင်္သာရီက ကမ်းခြေတွေနဲ့ ယှဉ်ပြောရလောက်အောင် လှတာမျိုး မဟုတ်ပါဘူး။ တစ်ခုထူးခြားတာကတော့ ကမ်းခြေတိုင်းနီးပါးမှာ အပန်းဖြေအိမ်တွေ စီရရီရှိနေတတ်တာပါပဲ။ သည်အိမ်တွေကို ဒေသခံမဟုတ်တဲ့သူတွေက ပိုင်တာများပါတယ်။

မြို့ကြီးပြကြီးမှာ နေတဲ့သူတွေက ကမ်းခြေတွေမှာ အိမ်တွေ ဝယ်ထားပြီး လာအပန်းဖြေကြ တာမျိုးရယ်။ သည်တော့ အပန်းဖြေ အိမ်တွေတိုင်းမှာ လူတွေ အမြဲရှိနေတာ မျိုးမဟုတ်ဘူး။ လူတွေခဏပဲ လာသုံးကြတာမျိုး။ တချို့ အိမ်တွေကိုကျတော့ ကျသင့်ငွေပေးငှား လို့ရတယ်ရယ် လို့ဆို ကြပါတယ်။ ဘယ်ကမ်းခြေမှာမဆို မီးပုံခွင့် မရှိတာကလည်း ထူးခြားမှုတစ်ခု ရယ်ပါ။

နှင်းတောင်တွေကို မြင်ချင်တဲ့ စိတ်ဆန္ဒကလေးက ကျွန်တော့်မှာ ပြင်းပြနေခဲ့တယ်။ ဒါကြောင့်မို့ ဝယ်လင်တန်မြို့စွန် မြောက်ကျွန်းရဲ့ အစွန်းလေးတစ်ခုဖြစ်တဲ့ ကျွန်းပင်လယ်အော်ဘက်ကို ကျွန်တော် မကြာခဏရောက်ပါတယ်။ အဲဒီမှာ ပင်လယ်ဖျံတွေ တွေ့ရတတ်သလို၊ တစ်ခါခါ လင်းပိုင်တွေကိုလည်း မြင်ရတတ်ပါတယ်။ ရာသီဥတုသာယာတဲ့အခါ တောင်ကျွန်းက ဖြူလွလွ နှင်းတောင်တွေကို မြင်နိုင်တာမို့ ကမ်းခြေနားက ကော်ဖီ ဆိုင်လေးမှာ ချော့ကလက်ပူပူ တစ်ခွက်သောက်လို့ ပင်လယ်ဘက်ဆီတောင် ကျွန်းက ရေခဲတောင်တွေဆီ သွားငေးရတာကလည်း အရသာ ရှိလှပါတယ်။ တစ်ရက်တော့ တောင်ကျွန်းကို ရောက်ဖူးချင်တာနဲ့ ပင်လယ်ကူး သင်္ဘောကြီးစီးပြီး တောင်ကျွန်းက နယ်ဆင် (Nelson) ဆိုတဲ့ မြို့ငယ်လေးကို ရောက်ဖြစ်ခဲ့ပါတယ်။ ပင်လယ်ကူး သင်္ဘောကြီးတွေဟာ ကုန်တင်ကားတွေ၊ အိမ်စီးကားတွေကအစ ခရီးသည်တွေ အဆုံးသယ်ပို့ပါတယ်။

သင်္ဘောပေါ်မှာ ခရီးသည်တွေအတွက် အရက်ဘား၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေပါပါတယ်။ သင်္ဘောစီးချိန် သုံးနာရီလောက်ကြာပါတယ်။ တောင်ကျွန်းရဲ့ ဆိပ်ကမ်း မြို့လေးဖြစ်တဲ့ ပစ်တန် (Picton) ကို မဆိုက်ခင် ကျွန်းတွေ ဝန်းရံနေတဲ့ ရေလက်ကြားထဲ သင်္ဘောကြီး တအိအိနဲ့ ခုတ်မောင်းနေချိန်မှာ မြင်ရတဲ့မြင် ကွင်းက အတော်ကို လှလွန်းတာရယ်။ စိမ်းနက်နက် ထင်းရှူးတောအုပ်တွေနဲ့ ကျွန်းတွေ၊ ကျောက်ဆောင်တွေ၊ လှိုင်း ဖြူဖြူတွေ၊ ပင်လယ်ရေပြင် စိမ်းကြည်ကြည်နဲ့ ငှက်ဖြူဖြူတွေ၊ ပင်လယ်ကမ်းစပ် တောင်ခြေက ရောင်စုံ အိမ်ကလေးတွေ၊ လှေကလေးတွေ။

မီးပြတိုက် ဖြူဖြူ ခန့်ခန့်နဲ့ အို…လှရက်ပါပေ့။ ပစ်တန် ကနေ နယ်ဆင်ကို ကားနဲ့ တစ်ခါသွားရ သေးတယ်။ ကားဆရာက ကားမောင်းရင်း လမ်းဘေးဝဲယာတစ်လျှောက်က မြင်ကွင်းတွေနဲ့ ဆက်စပ်ပတ်သက် သမျှတွေကို ရှင်းပြနေရဲ့။ သည်တော့လည်း ခရီးသည် ကျွန်တော်တို့တတွေ ဗဟုသုတ ရတာကလား။ လမ်းတစ်လျှောက် ရှုခင်းတွေက မြောက်ကျွန်းနဲ့ တူမလိုလိုနဲ့ ကွဲပါတယ်။ ကျွန်တော့်အထင် တောင်ကျွန်းဟာ ပိုပြီး အရိုင်းဆန်ဆန် လှတာမျိုး။

ကျွန်တော်တို့ ရောက်ဖြစ်ခဲ့တဲ့ နယ်ဆင်ဆိုတဲ့ မြို့ကလေးကတော့ နယူးဇီလန်ရဲ့ ဗဟိုချက်မ မှတ်တိုင်ရှိရာ အရပ်၊ ပန်းသီး၊ လိမ္မော်၊ကမ္ဗလာတို့ ဖြစ်ထွန်းလှတဲ့အရပ်၊ ဝိုင်တွေလှိုင်လှိုင် ထွက်တဲ့အရပ်၊ ပင်လယ်ကမ်းစပ် ငါးဖမ်း ထွက်ကြတဲ့ အရပ်၊ အငြိမ်းစား လူချမ်းသာတွေ စတည်းချကြတဲ့ အရပ်၊ မြန်မာပြည်ဖွား ချင်း ကယန်း စတဲ့ လူမျိုးတွေ အခြေချကြတဲ့ အရပ်ပါပဲ။ တိုက်တိုက် ဆိုင်ဆိုင် အဲသည်မှာ အခြေချနေတဲ့ ထားဝယ်သူ အမျိုးသမီးကြီးနဲ့ သူမိသားစု ဝင်တွေနဲ့ ကျွန်တော်စကားပြောခွင့်ရခဲ့သေးရဲ့။ နိုင်ငံရပ်ခြားမှာ ထားဝယ်စကား ပြောရတာကလည်း သိပ်လျှာအရသာ တွေ့တာပ။

တကယ်တော့လည်း တောင်ကျွန်းမယ် ကွင်းစ်တောင်းမြို့လို၊ ခရိုက်စ်ချာ့ မြို့လို ခရီးသွားတွေအတွက် နာမည်ကြီးမြို့တွေ အများသား။ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ မသွား ဖြစ်ခဲ့ဘူးရယ်။ သည်လို ဟိုဟိုသည် သည် လျှောက်သွားပြီးတဲ့နောက်မှာ ကျွန်တော် အတွေးတစ်ခုဝင်လာခဲ့မိတယ်။ နယူးဇီလန်လှတယ်ဆိုတာ သဘာဝ အရှိကို ထိန်းသိမ်းထားနိုင်တာ။ အလှမပျက်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုးတက်မှုကို လုပ်ယူနိုင်တာ မျိုး။ သဘာဝတရားနဲ့ သဟဇာတဖြစ်မယ့် အခြေခံအဆောက်အဦတွေကို ပညာသားပါပါ တည်ဆောက်ထားတာ မျိုးပါပဲ။

သည်တော့လည်း လူတွေ သိပ်စည်တဲ့တတ်တဲ့ ကီဝီတောထဲက နေရာတွေဟာ သန့်နေမြဲ၊ အမှိုက်စင်မြဲ၊ သဘာဝ မပျက် ရှိနေမြဲပဲ။ သည်လို သန့်ရှင်းစင်ကြယ်တဲ့ သဘာဝတရားကို ထိန်းသိမ်းပြပြီး စီးပွားဖြစ်အောင် ကြံဆ အားထုတ်နေတာပါပဲ။ နယူးဇီလန်ထက် စုံလင်တဲ့ သဘာဝအလှတရားတွေ ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့ ဆီက သဘာဝတရားကို ဘယ်လို ထိန်းကြမလဲ။ ဘယ်လိုစီမံမလဲ စတဲ့ အတွေး တွေဝင်လာပါတယ်။ သဘာဝ အရင်းအမြစ်တွေကို ဖျက်ပြီးမှ တည်ဆောက်ရမယ့် ဖွံ့ဖြိုးမှုဆိုတာသည် ရေရှည်ခံပါ့ မလားလို့လည်း သံသယတွေ ဖြစ်လာ မိပါတယ်။ သဘာဝကို အမှီပြုလို့ အသက်ရှင်နေရတဲ့ လူသားတွေဟာ သဘာဝကို တန်ဖိုးထားလို့ မတော် လောဘတွေနဲ့ သဘာဝတရားကို ဖျက်ဆီးပြီး ကျေးဇူးမကန်းဖို့ရာလည်း ဆုတောင်း နေမိပါရဲ့။

ဝေယံထွဏ်း