ထားဝယ်တွင် ကိုဗစ်လူနာတွေ့သည်ဟုဆိုကာ ထိတွေ့ဆက်စပ်မှုရှိသူများကို ဓာတ်ခွဲရန်ပြင်

0
2061

ထားဝယ်၊ စက်တင်ဘာ ၁၁ Dawei Watch

ရန်ကုန်မြို့မှလာသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ၎င်းနှင့်ထိတွေ့ဆက်စပ်မှုရှိသူများကို ဓာတ်ခွဲနမူနာစစ်ရန် ပြင်ဆင်နေကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ကညုံရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် အမျိုးသား၏ နမူနာကို ထားဝယ်ဆေးရုံကြီးရှိ ကိုဗစ်ရောဂါပိုးစစ်ဆေးသည့်စက်ဖြင့် စစ်ဆေးရာ ကိုဗစ်ရောဂါရှိကြောင်း အဖြေထွက်သည်ဟု ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ၎င်းကို ပြောဆိုခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ထိုကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများ၏ နမူနာကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စစ်ဆေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သင်္ဘောသားဟောင်းတစ်ဦးဖြစ်သည့် အဆိုပါအမျိုးသားမှာ ၎င်း၏ ဦးလေးတော်စပ်သူ ရန်ကုန်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့်အတွက် လူနာစောင့်အဖြစ် သွားရောက်လုပ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။ ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့တွင် ထားဝယ်သို့ ကိုယ်ပိုင်ကားဖြင့် ပြန်လာရာ သံဖြူဇရပ်မြို့နယ်ရှိ ဟိုတယ်တွင် ညအိပ်ရပ်နားခဲ့သည်သည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ထားဝယ်သို့ပြန်လာပြီး ထားဝယ်မြို့ မိုးကုတ်ဝိပဿနာရှိ အဆောင်ငယ်တွင် တစ်ဦးတည်းနေထိုင်ခဲ့သည်။

အဆိုပါ အမျိုးသားမှာ နေမကောင်းသဖြင့် ကိုဗစ်သံသယဖြစ်ကာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကိုယ်ပိုင်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့သွားကာ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပြီး ထိုအမျိုးသား၏ တို့ဖက်နမူနာကို ဆေးရုံရှိ ကိုဗစ်စစ်ဆေးသည့်စက်ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ခဲ့ရပြီး ထပ်မံအတည်ပြုနိုင်ရန် မော်လမြိုင်မြို့ရှိ ကိုဗစ်စစ်ဆေးသည့် ဓာတ်ခွဲဌာနသို့ ပို့ထားသည်ဟု သိရကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

“မော်လမြိုင်ကနေ ထပ်စစ်လိုက်မှ ပေါ့စတစ်ဖြစ်တယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ကြေညာမယ်ပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်ရှိဆေးရုံတွင် ဆေးကုခဲ့သည့် အဆိုပါအမျိုးသား၏ ဦးလေးတော်စပ်သူလင်မယားကို ထားဝယ်ဆေးရုံကြီး တာဝန်ရှိသူများက စက်တင်ဘာလ ၁၁ ရက် ညပိုင်းတွင် လာခေါ်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမျိုးသား မိုးကုတ်ဝိပဿနာတွင် နေထိုင်စဉ်အတွင်း ဘုမ္မော်ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ၎င်းထံ နေ့စဉ်ထမင်းချိုင့်ပို့ပေးနေသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းအပြင် မိသားစုဝင် အမျိုးသမီးနှစ်ဦးကလည်း ညနေဘက်တွင် နေ့စဉ်နီးပါး သွားတွေ့ခဲ့သည်ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ တိုင်းအစိုးရအဖွဲ့ရုံးတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် အဆိုပါအမျိုးသား၏ မိသားစုဝင် ရှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးတို့ကို ကိုဗစ်ရောဂါရှိ/ မရှိကို စစ်ဆေးမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ကိုဇော်