ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

0
560

တိုင်းအတွင်း ကလေးသူငယ်မှုခင်းများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ မှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုများလာသည်ဟု တနင်္သာရီတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်စာ စာရင်းများအရ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းချ ခြင်းနှင့် သုံးစွဲခြင်းအမှုပေါင်း ခြောက်မှု သာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လစာ စာရင်းများအရ မူးယစ်ဆေးရောင်း ချခြင်းနှင့် သုံးစွဲခြင်းမှုခင်း ဖြစ်ရပ်ပေါင်း ၁၀ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ

“ကလေးသူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲလေ။ ဒီအနာဂတ် ကလေး သူငယ်တွေမှာ ဒီလိုပြစ်မှုတွေ များနေတယ်ဆိုတော့ လုံးဝကို မကောင်းနိုင်ဘူးပေါ့” တာဝန်ရှိသူက ဆိုသည်။

မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေသည့် ကလေးသူငယ်များမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ဝန်းကျင်အရွယ်များ ပါဝင်နေသည်ဟု ဆိုသည်။

“ဒါက စာရင်းတက်လာတဲ့ အချက် အလက်တွေအရပဲပေါ့။ ရွာတွေ၊ နယ်တွေ မှာ ဘယ်လောက်ဖြစ်နေလဲဆိုတာ မသိနိုင်ဘူးလေ။ ၁၈ နှစ်အောက် ကလေးသူငယ် အရွယ်တွေ မူးယစ်ဆေးသုံးစွဲတာကတော့ ဒါတော်တော်ကို အန္တရာယ်များတယ်” အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ ကလေး သူငယ်ဖြစ်ရပ်များတွင် သက်ငယ်မုဒိမ်း ကျူးလွန်ခံရမှု ၁၀ မှု၊ မုဒိမ်းမှုကို ကိုယ်တိုင် ကျူးလွန်မှု နှစ်မှု၊ ရေလုပ်သားကတ်မရှိ၍ ဖမ်းဆီးခံရမှု ခြောက်မှု၊ ဆိုင်ကယ်တိုက်မှု ၁၀ မှု၊ ဆိုင်ကယ်တိုက်မှုကြောင့် လူသေဆုံးမှု တစ်မှု၊ ခိုးမှု ခြောက်မှု၊ မူးယစ်ဆေးမှု ၁၀ မှု၊ စုစုပေါင်း ၄၅ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

ကိုဗစ်အထောက်အကူပြုအဖွဲ့က နှာခေါင်းစည်း လိုသလောက်ရောင်းပေးနေ

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ သက်ငယ်မုဒိမ်း ကျူးလွန်ခံရမှု ၁၃ မှု၊ မုဒိမ်းမှုကို ကိုယ်တိုင် ကျူးလွန်မှု ငါးမှု၊ ဖခင်၏ တူမီးသေနတ်ကို ကိုင်ရာမှ တူမီးသေနတ်ပေါက်ထွက်ခဲ့မှု တစ်မှု၊ ဗျောက်အိုးဖောက်ခြင်းကြောင့် ပြည်သူကိုအထိတ်တလန့်ဖြစ်စေမှု တစ်မှု၊ ဆိုင်ကယ်တိုက်မှု သုံးမှု၊ ဆိုင်ကယ်တိုက်မှုကြောင့် လူသေစေမှု လေးမှု၊ လိုင်စင်မဲ့ကားမောင်းနှင်မှု တစ်မှု၊ ခိုးမှု ငါးမှု၊ လုယက်မှု သုံးမှု၊ မူးယစ်ဆေး ရောင်း/သုံး ခြောက်မှု၊ အုပ်စုဖွဲ့ရိုက်နှက်မှု ငါးယောက်တစ်ဖွဲ့ အုပ်စု တစ်စု တစ်မှု၊ လေးယောက်တစ်ဖွဲ့ အုပ်စု တစ်စု တစ်မှု၊ သုံးယောက်တစ်ဖွဲ့ အုပ်စု သုံးစု သုံးမှု၊ ရိုက်နက်နာကျင်စေမှု လေးမှု၊ စုစုပေါင်း ကလေးသူငယ်မှုခင်းပေါင်း ၅၁ မှုဖြစ်ပွားခဲ့ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

မိုးမြင့်