ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

0
402

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ထားရာ လက်ရှိအချိန်ထိ လျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ် လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် တင်ဒါပိတ်မည်ဖြစ်သည်။

သို့ရာတွင် စက်တင်ဘာလ ၂ ရက် နေ့အထိ လာလျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

“အရင်တုန်းကလည်း နောက်ဆုံး ပိတ်ရက်မှ လာလျှောက်ကြတယ်” ဟု ဦးအောင်သူရက ပြောသည်။

လက်ရှိခေါ်ယူထားသည့် တင်ဒါ မှာ ဒုတိယအကြိမ်ပြန်ခေါ်ခြင်းဖြစ်သည်။

ပထမအကြိမ်တင်ဒါကို ယခုနှစ် ဇွန်လဆန်းက ဖွင့်ဖောက်စစ်ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများ က Technical Proposal (နည်းပညာ အဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်လိုက်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောဆို ထားသည်။

ထိုစဉ်က တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ လက်ရှိတွင် သတ်မှတ်ထားသည့် အောင်မှတ်နှင့် အမှတ်ပေးစည်းမျဉ်းအချို့ကို ဖြေလျှော့မည်ဖြစ်ကြောင်း အစိုးရက စီစဉ်ထားသည်။ တင်ဒါလျှောက်လွှာပိတ်ပြီးမှသာ အောင်မှတ်ဖြေလျှော့ပေးမည့်အပိုင်းနှင့် အမှတ်ပေးစည်းမျဉ်းကိစ္စကို တင်ဒါ ကော်မတီအစည်းအဝေးလုပ်ကာ သတ်မှတ်မည်ဖြစ်သည်။

တင်ဒါစည်းမျဉ်းတွင် ကုမ္ပဏီ Profile၊ နည်းပညာ၊ ဓာတ်အားခနှုန်းထားစသည့် ကဏ္ဍအလိုက် စာအိတ်သုံး အိတ်ဖြင့် ခွဲခြားတင်ပြရမည်ဖြစ်သည်။ တင်ဒါဖွင့်ဖောက်ပြီး ရွေးချယ်ရာတွင်လည်း ကုမ္ပဏီ၏ Profile ၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက်မစစ်ဆေး တော့ကြောင်း ၎င်းက ပြောထားသည်။

တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာ စစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းကို ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။

ကိုဇော်