ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ

0
1436

တရားမဝင်ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ကို သြဂုတ်လ ၃၀ ရက်နေ့က မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေဖြူမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

တရားမဝင်ပိတောက်သစ်ခွဲသား ၅၁ ချောင်း(၁၀.၁၁၈) တန်ကို တင်ဆောင်လာသည့် အဖြူရောင် ခြောက်ဘီးယာဉ် တစ်စီးနှင့်အတူ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

“သစ်ပိုင်ရှင်က မမိတာလည်း များတယ်ပေါ့။ မတွေ့တာလည်း များတယ်။ ခုနလို ကားနဲ့ ဖမ်းမိလို့ရှိရင်တော့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ပါတာပေါ့ဗျာ။ သူတို့ကတော့ သစ်ပိုင်ရှင်တော့ မဟုတ်လောက်ဘူး” ဟု တာဝန် ရှိသူက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးကို သစ်တောဥပဒေပုဒ်မ ၄၂ (က)ဖြင့် ကလိန်အောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး သစ်ပိုင်ရှင်ကိုမူ ယင်းရဲစခန်းမှ စုံစမ်းဖော်ထုတ်နေသည် ဟု တာဝန်ရှိသူက ပြောသည်။

“သစ်ပိုင်ရှင်ကို အခုလို ကားနဲ့ တွဲမိတဲ့အခါကျမှပဲ ယာဉ်မောင်းဖော်တဲ့ ပိုင်ရှင်လောက်ပဲပေါ့ သိရတာပေါ့။ ကျန်တာကတော့ ရဲမှာ အမှုဖွင့်ရတယ်ဆို တော့ စုံစမ်းဖော်ထုတ်တာက ရဲကပဲ ဆက်လုပ်တာလေ။ ကျွန်တော်တို့ တရားရုံးတင်တဲ့အခါကျတော့လည်း သစ်ပိုင်ရှင်က မတွေ့တာများတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်သစ်များ မကြာခဏ ဖမ်းဆီးရမိမှုနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့်အပေါ် ပြည်သူလူထုအကြား ဝေဖန်မှုများလည်း ရှိနေသည်။

Dawei Watch