တနင်္သာရီဂျာနယ်အမှု အထူးအယူခံ ဆက်တက်

0
393

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုခဲ့သည့် တနင်္သာရီဂျာနယ်အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စက်တင်ဘာလ ၂ ရက်နေ့က အထူးအယူ ခံတင်ထားကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။

အထူးအယူခံတင်ထားသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုအမှတ်ထွက်ပြီးဖြစ်ကာ အမှုကို လက်ခံသင့်/မသင့် ကြားနာရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

တနင်္သာရီဂျာနယ်၏အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် (တစ်ပါးထိုင်) က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပယ်ချထားသည်။ ထိုကြောင့် လက်ရှိတွင် အထူးအယူခံ (နှစ်ပါးထိုင်) ဆက်တင်ခြင်းဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။

“နိုင်ငံသားအခွင့်အရေးတွေ၊ သတင်း မီဒီယာရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ရချင်တဲ့အတွက် ရေဆုံးရေဖျား လိုက်တာပါ” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှု ဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ်ငါးသိန်းပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။ မြို့နယ်တရား ရုံးက ချမှတ်သည့်အမိန့်ကို ခရိုင်တရားရုံးနှင့် တိုင်းတရားလွှတ်တော်ထံ ပြင်ဆင် မှုလျှောက်ထားခဲ့သော်လည်း အဆိုပါ တရားရုံးများက ပလပ်အမိန့်ချမှတ်ခဲ့သည်။

တနင်္သာရီဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်အား တရားစွဲဆိုခဲ့သည့် မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သည် ယင်းဥပဒေပါ ပုဒ်မ ၉ (ဆ)ကို ရည်ညွှန်းထားခြင်းဖြစ်သည်။

ယင်းပုဒ်မတွင် ဖော်ပြထားသည်မှာ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမျိုးမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူအခွင့်အရေးကို ထိခိုက်စေအရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

မြို့နယ်တရားရုံးတွင် စစ်ဆေးစဉ်က တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက် အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ သရော်စာ စာရေးဆရာဗြိတိသျှကိုကိုမောင် အပါအဝင် တရားခံပြသက်သေ ခုနစ်ဦးက ထွက်ဆိုထားသည်။

တရားလိုဘက်မှ တိုင်းအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၏ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုး၊ NLDပါတီ ထားဝယ်ခရိုင် တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုး အပါအဝင် တရားလိုပြသက်သေ သုံးဦးက ထွက်ဆိုထားသည်။

သရော်စာဖော်ပြသည့်အတွက် တရားစွဲခဲ့သည့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှု ကျူးလွန်သည့်ပြစ်မှုဖြင့် လက်ရှိတွင် ထောင်ဒဏ်နှစ် ၃၀ ချမှတ် ခံထားရသည်။

Dawei Watch