ကိုဗစ်ကာလ ဧည့်လမ်းညွှန်မှ ပလာတာသည်ဘဝ

0
762

ကိုဗစ်ကပ်ဘေးက လူထုလူတန်း စားအလွှာစုံရှိ နေ့စဉ်လုပ်ကိုင် စားသောက်နေသည့် ဘဝများကို ရိုက်ချိုး လိုက်သည်။ ခရီးသွားလုပ်ငန်းက အခြားစီးပွားရေးလုပ်ငန်းများထက် ပိုပြီး ထိချင်ပြင်းခဲ့သည်။

အင်္ဂလိပ်နှင့် ထိုင်းဧည့်လမ်းညွှန် တစ်ဦးဖြစ်သည့် ကိုတင်နိုင်သည် ဧည့်လမ်းညွှန်လုပ်ရင်း ခရီးသွားကုမ္ပဏီတစ်ခု တည်ထောင်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။

ယခုမူ သူက လမ်းဘေးတွင် ပလာတာရောင်းရင်း ဘဝကို ရပ်တည်နေရသည်။ ထားဝယ်မြို့ ပခုက္ကူဘုန်းတော်ကြီး ကျောင်းအနောက်ဘက် လမ်းထောင့်နေရာတွင် သူ့ဆိုင်ကို တွေ့နိုင်မည်ဖြစ်သည်။ လမ်းထောင့်နေရာတွင် သူ၏ ယာယီဆိုင်ကလေးကို သေသေသပ်သပ် ဆောက်ထားပြီး တိုင်များကို အုန်းဆံကြိုးများဖြင့် ပတ်ကာ အလှဆင်ထားသည်။

“ဘယ်သူမှ (သက်ဆိုင်ရာဌာန) လည်း ထောက်ပံ့ပေးတဲ့သူမရှိဘူး။ ကိုယ့်ဘဝကိုရပ်တည်ပြီး ကိုယ့်ဟာကို ရုန်းမှရမယ်ဆိုပြီး ဆိုင်ဖွင့်လိုက်တာ” ဟု ကိုတင်နိုင်က ရင်ဖွင့်သည်။

၎င်း ဧည့်လမ်းညွှန်စလုပ်သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလများတွင် ဝင်ငွေအကောင်းဆုံး အချိန်ဟုဆိုနိုင်ပြီး အဓိအားဖြင့် ဂျာမဏီ၊ ပြင်သစ်နိုင်ငံကဲ့သို့ ငွေကြေးသုံးစွဲမှုများသည့် ဥရောပတိုက်သား အများဆုံးလာရောက်ကြသည်ဟု ဆိုသည်။

ဧည့်လမ်းညွှန်အဖြစ် ဝန်ဆောင်ခအဖြစ် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၃၀ အထိ ရရှိခဲ့သည်။ ယင်းကာလအတွင်း ရရှိသည့်ဝင်ငွေဖြင့် ၂၀၁၆ ခုနှစ်တွင် ခရီးသွားကုမ္ပဏီပင် ထောင်ခဲ့သေးသည်။ သို့သော် နှစ်နှစ်အကြာတွင် အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ရသည်။

ကုမ္ပဏီဖျက်သိမ်းလိုက်ပြီးနောက်ဧည့်လမ်းညွှန်အဖြစ် ဆက်လုပ်နေချိန်တွင် ရခိုင်အရေးကိစ္စပေါ်လာသည်။ ရခိုင်ကိစ္စကြောင့် ဥရောပခရီးသွား လာရောက်မှု ကျဆင်းသွားသော်လည်း တစ်ချိန်ချိန်တွင် ခရီးသွားပြန်ဦးမော့ လာလိမ့်မည်ဟု ကိုတင်နိုင်တစ်ယောက် မျှော်လင့်နေခဲ့သည်။

ထိုအချိန်တွင် ရခိုင်အရေးကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံကိုယ်တိုင် ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) တွင် သွားရောက်ဖြေရှင်းပြီးချိန်၌ သူ့မျှော်လင့်ချက်က ပိုမိုခိုင်မာလာသည်။ မကြာမီပင် ကိုတင်နိုင် မျှော်လင့်ထားသလို ခရီးသွားဝင်ရောက်မှုက အနည်းငယ်ပြန် တက်လာသည်။

သို့သော် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် သူလုံးဝမျှော်လင့်မထားသည့် ကိုဗစ် ကပ်ဘေးက ဆိုက်ဆိုက်မြိုက်မြိုက် ဖြစ်ပွားလာသည်။ အားကောင်းစပြုလာသည့် ခရီးသွားလုပ်ငန်းက လုံးဝနီးပါး ရပ်ဆိုင်းသွားသဖြင့် သူ၏မျှော်လင့်ချက်များ တစ်စစီ ပြိုကွဲသွားပြန်သည်။

“ရခိုင်ကိစ္စ နည်းနည်းငြိမ်သွားပြီဆိုတဲ့အချိန်မှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာမယ်ထင်ထားတာ။ မမျှော်လင့်ဘဲနဲ့ ကိုဗစ်ဆိုပြီး ဖြစ်လာတော့ ဒီအချိန်မှာ လုံးဝကို မရှိတော့ဘူး” ဟု ကိုတင်နိုင်က ပြောသည်။

တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ကိုဗစ်ကာလဖြစ်သည့် ယခုနှစ် မတ်လမှ ဇူလိုင်လအထိ ပြည်ပခရီးသွား ၂၃၀ဝ ကျော်သာ ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူအချိန်က ၂၇၀ဝ၀ နီးပါး အထိ ဝင်ရောက်ခဲ့သည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် အကျုံးဝင်သည့် ဟိုတယ်၊ ခရီးသွားကုမ္ပဏီ၊ စားသောက်ဆိုင်များက အစိုးရ၏ ကိုဗစ်ကုစားရေး ချေးငွေရရှိသော်လည်း ဧည့်လမ်းညွှန်များအတွက် ကိုဗစ်ထောက်ပံ့ကြေး/ ချေးငွေက လုံးဝမရရှိခဲ့ပေ။

ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းက လုံးဝရပ်ဆိုင်းသွားသည်အထိဖြစ်ခဲ့ရာ ယင်းလုပ်ငန်းအပေါ် အဓိကတည်မှီနေရသည့် ခရီးသွားဧည့်လမ်းညွှန်များလည်း အလူးအလဲခံကြရသည်။

လက်ရှိတွင် ဝင်ငွေမရှိသည့် အခြေအနေများကြောင့် ဝမ်းစာရေးဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ကိုတင်နိုင် စဉ်းစားလာရသည်။

ထိုနည်းလမ်းမှာ လမ်းဘေးနေရာ တစ်ခုတွင် ပလာတာလုပ်ရောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်နှင့်အတူ သြဂုတ်လလယ်ပိုင်းတွင် ထားဝယ်မြို့ ပခုက္ကူဘုန်းတော်ကြီး ကျောင်းအနောက်ဘက် လမ်းထောင့်နေရာ၌ ပလာတာဆိုင်ဖွင့်လိုက်သည်။

“ဘယ်သူမှ (သက်ဆိုင်ရာဌာန) လည်း ထောက်ပံ့ပေးတဲ့သူမရှိဘူး” ဟု ကိုတင်နိုင်က ရင်ဖွင့်သည်။

သူ့ဆိုင်တွင် နာနတ်သီးပလာတာ၊ စတော်ဘယ်ရီပလာတာ အစရှိသည့် ပလာတာအမျိုးမျိုးကို လုပ်ရောင်းနေသော်လည်း လူသိနည်းနေသေးသည့်အတွက် အဆင်ပြေလှသည်တော့ မဟုတ်သေး။ အခြေအနေအရ လမ်းဘေးတွင် ပလာတာ လုပ်ရောင်းနေရသော်လည်း သူ့၏ခရီးသွားဧည့်လမ်းညွှန် အိပ်မက်က ပျက်ပြယ်သွားခြင်းမရှိပေ။

ခရီးသွားလုပ်ငန်းတွင် ခရီးသည်နှင့် ထိတွေ့မှုအများဆုံးဖြစ်သည့် ဧည့်လမ်းညွှန်က အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ကိုဗစ်ကာလတွင် ၎င်းတို့ကို ထောက်ပံ့မှုတစ်စုံတစ်ရာ ပေးသင့်သည်ဟု ကိုတင်နိုင်က ဆိုသည်။

“ဂိုက် (ဧည့်လမ်းညွှန်)တွေကို ဒီလို ပစ်ပယ်ထားခြင်းအားဖြင့် ခရီးသွားလုပ်ငန်း အနာဂတ်အတွက် မကောင်းနိုင်ဘူး လို့ မြင်တယ်” ဟု ကိုတင်နိုင်က ပြော သည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဒေသဧည့်လမ်းညွှန်(RG) ဦးရေ လေးရာကျော် ရှိသည်။ ကိုတင်နိုင် ကဲ့သို့ပင် ဘဝတူ ဧည့်လမ်းညွှန်များမှာလည်း ဘဝရပ်တည်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့် မသက်ဆိုင်သည့် အခြား အလုပ်တစ်ခု ပြောင်းလဲလုပ်ကိုင်နေကြ ရသည်။

ကိုဗစ်ကပ်ဘေးက ခရီးသွားလုပ်ငန်းအပြင် ဟိုတယ်နှင့် စားသောက် ဆိုင်လုပ်ငန်းများလည်း ထိခိုက်ခဲ့ပြီး တိုင်းအတွင်းရှိ ဟိုတယ်အားလုံး၏ လေးပုံတစ်ပုံက ပြန်မဖွင့်နိုင်သေးပေ။

ကိုဇော်