တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ

0
1310

တစ်ညတာကာလအတွင်း ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူ လေးဆယ်ကျော်အား အရေးယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းက ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၄၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးမည်

ညမထွက်ရအမိန့်ကို ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားချိန်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်ပြန်ချိန်က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ခဲ့သည်။ သို့ရာတွင် ကိုဗစ်ကပ်ဘေး အနည်းငယ်ငြိမ်သွားသည့်အတွက် ညမထွက်ရသည့်အချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ဖြေလျှော့ခဲ့သည်။

ယခုအခါတွင် ယင်းအမိန့်ကို ကြပ်မတ်မှုအားနည်းသည့်အတွက် ည ၁၂ နာရီနောက်ပိုင်း သွားလာသူများရှိနေ ခဲ့သည်။ ထိုကြောင့် ညမထွက်ရအမိန့် လိုက်နာစေရေး ကြပ်မတ်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း ကိုဗစ်ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောဆိုထားသည်။

ထိုအချိန်မှစ၍ ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီး အရေးယူနေပြီး လက်ရှိတွင် အခြားခရိုင်များကိုလည်း ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

“ထားဝယ်တစ်ခုတည်း မရပါဘူး။ မြိတ်ရော ကော့သောင်းရော ပြင်းပြင်း ထန်ထန်လုပ်ပါလို့ အခုညွှန်ကြားချက် ထုတ်ထားတယ်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျ က ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့ညကလည်း ထားဝယ်မြို့အတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ တိုင်းအတွင်း ညမထွက်ရအမိန့် စတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ညမထွက်ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု အရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ယခင်ကလည်း ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို မြို့နယ်တရားရုံးက ဒဏ်ငွေကျပ်ငါးသောင်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

Dawei Watch