ရန်ကုန်ကိုဗစ်လူနာနှင့် တစ်အိမ်တည်းနေခဲ့သည့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းပို့

0
3360

ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်နေ လူနာနှင့် တစ်အိမ်တည်းအတူထိုင်ခဲ့ဖူးသည့် ထားဝယ်မြို့မှ မိသားစုဝင်သုံးဦးကို စောင့်ကြည့်စခန်းသို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ကွန်ပျူတာတက္ကသိုလ်ရှိ စောင့်ကြည့်စခန်းသို့ စက်တင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

နှာခေါင်းစည်း တစ်ခုရဲ့ စီးပွားတန်ကြေး

အဆိုပါ မိသားစုမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တွင် ပိုးတွေ့လူနာနှင့် အတူနေထိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့က မန်းရတနာလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ လာရောက်ခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ထိုနောက် အတူနေထိုင်ခဲ့သည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့ညတွင်ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ လူနာအမှတ်အမှတ် ၁၃၇၈ ဖြစ်သည်။

ထိုအခြေအနေများကြောင့် ထားဝယ်မြို့နေ မိသားစုဝင်သုံးဦးက ကျန်းမာရေးစစ်ဆေးမှုခံယူလိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးလာသည်ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
“ဒီသုံးယောက်အခြေအနေကတော့ (လက်ရှိ) ဘာမှထူးခြားမှုမရှိသေးဘူး။ သူတို့မှာ ဘာလက္ခဏာမှ မပြသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးသည်ဟု တိုင်ခံရသည့်အုပ်ချုပ်ရေးမှူးကိစ္စ တိုင်းအစိုးရထံ ဆက်တင်မည်

လက်ရှိတွင် အဆိုပါမိသားစုနေထိုင်သည့် နေအိမ်လိုင်းခန်းကို Stay at Home(နေအိမ်တွင်သာနေထိုင်ရန်) တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။
ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက် စိတ္တသုခလမ်းရှိ အထက်ပါနေအိမ်လိုင်းခန်းတွင် ၁၇ ခန်းရှိပြီး ၁၅ ခန်းတွင် လူနေထိုင်သည်ဟု ဆိုသည်။

လူနာအမှတ် ၁၃၇၈ မှာ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာအမှတ် ၈၄၉ နှင့်ထိတွေ့မှုရှိပြီး အသွားအလာကန့်သတ်ထားသူဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Dawei Watch