ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ

0
1011

လောင်းကစားဝိုင်းတစ်ခုအား ရဲဝင်ဖမ်းရာ ဆိုင်ကယ်လေးဆယ်ခန့်နှင့် လူလေးဦးဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။

မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကန်သာယာရွာအနီး တောင်သုံးလုံးကြားတွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက် ဖမ်းဆီးရာ ဆိုင်ကယ် ၃၇ စီးနှင့် လောင်းကစား ပြုလုပ်သူ အမျိုးသားလေးဦးကို ဖမ်းဆီးမိခဲ့ကြောင်း မြိတ်မြိူ့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။

မြိတ်တွင် WY စိတ်ကြွဆေးပြား နှစ်သောင်းနီးပါး ဖမ်းမိ

ဖမ်းဆီးရမိသည့် အမျိုးသားလေးဦးမှာ ရှမ်းတောင်ရွာ၊ ကင်းဆိုးရွာ၊ ရွှေပေးရွာနှင့် မြိတ်မြို့တွင် နေထိုင်သူတစ်ဦး တို့ဖြစ်ပြီး ၎င်းတို့ထံမှ ငွေကျပ်သုံးသိန်းခန့်နှင့် ကြက်နှစ်ကောင်အား သိမ်းဆည်း ခဲ့သည်ဟု ၎င်းက ပြောသည်။

“ရဲလာပြီ ဆိုတာနဲ့ အကုန်ထွက်ပြေး ကြတာ။ ဒီလေးယောက်က ကြက်လိုက် ဖမ်းရင်း ပြေးမခင်(ပြေးမလွတ်)ဖြစ်သွားတာ” ဟု ဒုရဲမှူးက ပြောသည်။

လောင်းကစားပြုလုပ်သူ လေးဦးကို လောင်းကစား ဥပဒေဖြင့်အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း မြိတ်မြို့မရဲစခန်း မှသိရသည်။

အဆိုပါ ရွာအနီးဝန်းကျင်တွင် ကြက်တိုက်ဝိုင်းများသာမက ရံဖန်ရံခါ နွားတိုက်ဝိုင်းများပါပြုလုပ်လေ့ရှိကြောင်း ရွာသားတချို့ ထံမှသိရသည်။

ကိုဆန်း