မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ

0
385

နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ သောင်းနှင့်ချီ၍ မဲပေး ပိုင်ခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု မွန်ပြည်နယ်၊ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင်က ပြောသည်။

မွန်ပြည်နယ် မသန်စွမ်းသူများ အသင်း၏ ကောက်ခံရရှိထားသည့် စာရင်းအရ မွန်ပြည်နယ်အတွင်း၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူ အနည်းဆုံး နှစ်သောင်းခန့် ရှိနေသော်လည်း လက်ရှိ ရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည့် မဲစာရင်းတွင် မသန်စွမ်းသူဦးရေမှာ ထောင်ဂဏန်းသာရှိသည်ဟု ၎င်းက ပြောသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင် ပြုလုပ်ရန် ငွေကြေးခက်ခဲခြင်း၊ မသန်စွမ်းများအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်မရရှိခြင်း၊ မဲရုံ ကော်မရှင်တို့၏ ဥပဒေ နားလည်မှု အားနည်းခြင်း အစရှိသည့် အကြောင်းများကြောင့် မသန်စွမ်းများ မဲပေးခွင့်မရရှိကြဘဲ မဲပေးခွင့် ဆုံးရှုံးရခြင်းဖြစ်သည်ဟု စောအောင်သိမ်းတင်က ပြောသည်။

၎င်းအပြင် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအတွက်လည်း မဲရုံသို့ လွယ်ကူချောမွေ့စွာ သွားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်းမရှိခြင်းကြောင့် မဲပေးပိုင်ခွင့်ရှိပါလျက်နှင့် မဲမပေးနိုင်သည့် အခြေအနေများလည်း ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ပထမအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် မွန်ပြည်နယ်၌ မသန်စွမ်း မဲဆန္ဒရှင် ၄၀၇၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းများအတွက် မဲရုံများတွင် အလွယ်တကူ မဲပေးနိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“မသန်စွမ်းမဲဆန္ဒရှင်တွေ လာရောက်မဲထည့်တဲ့အခါမှာ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေက ဝိုင်းကူညီပေးရမယ် ဆိုတာ မဲရုံမှူး သင်တန်းတွေမှာ တစ်ခါတည်း ထည့်ပြီးသား။ နည်းဥပဒေမှာရော၊ လုပ်ငန်းလမ်းညွှန်မှာရော အဲဒါပါ ပါ တယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် မသန်စွမ်းကျောင်းများ၊ သင်တန်းများမရှိသည့်အတွက် မသန်စွမ်း မဲရုံသီးသန့်ထားရှိခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

မဲရုံသို့ မလာနိုင်သူ မသန်စွမ်းများအတွက် ကြိုတင်မဲပေးရန် ရပ်/ကျေး ကော်မရှင်မှ အိမ်တိုင်ရာရောက် လိုက်လံ ကောက်ခံသွားမည်ဟုလည်း ကော်မရှင်ထံမှ သိရသည်။

မွန်ပြည်နယ်ရှိ မသန်စွမ်းများသည် အမြင်အာရုံမသန်စွမ်းသူ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ကိုယ်အင်္ဂါ မသစွမ်းသူ၊ တတိယအများဆုံးမှာ အကြားအာရုံမသန်စွမ်းများဖြစ်သည်။ ဉာဏ်ရည်မသန်စွမ်းသူများလည်း ရှိသည်။

ဆန္ဒမဲပေးသူသည် မသန်စွမ်းသူ ဖြစ်လျှင် သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း သား၊ သမီး၊ ညီအစ်ကို၊ မောင်နှမ အရင်းတစ်ဦးဦး သို့မဟုတ် မသန်စွမ်းသူ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သောသူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းကိုလည်း ခွင့်ပြုရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေ ၄၂ (ခ) တွင် ဖော်ပြထားသည်။

ဆန္ဒမဲပေးသူသည် ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင်လည်းကောင်း၊ ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်လည်းကောင်း၊ မဲစာရင်းပါ မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း သားသမီး ညီအစ်ကို မောင်နှမအရင်း တစ်ဦးဦးသည် ဆန္ဒမဲပေး သူက ညွှန်ကြားသည့်အတိုင်း လျှို့ဝှက် ဆန္ဒပြုရမည်။

ယင်းပုဂ္ဂိုလ်များမရှိလျှင် မဲရုံမှူးက ဆောင်ရွက်ပေးရမည်။ မဲ လက်မှတ်ကိုမူ ဆန္ဒမဲပေးသူကို ခေါ်၍ မဲပုံးထဲသို့ ကိုယ်တိုင်ထည့်စေရမည်ဟု ပါရှိသည်။ ကျန်းမာ သန်စွမ်းခြင်းမရှိ၍ မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို မထည့်နိုင်လျှင် မဲရုံအဖွဲ့ဝင်များသည် ထိုသူအား ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည်ဟုလည်း နည်းဥပဒေတွင် ဖော်ပြထားသည်။