ဘေးကင်းရေး ဦးစားပေး

179
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

Safety First (ဘေးကင်းရေး ဦးစား ပေး)ဆိုတဲ့ စကားစုကို လူတိုင်း ကြားဖူး ကြမှာပါ။ ဒါပေမဲ့ အဲဒီ စကားစုလေးရဲ့ သမိုင်းကြောင်းကိုတော့ သိသူနည်းပါ လိမ့်မယ်။ တကယ်တော့ ၂၀ရာစုမှာ ဖြစ် ပွားခဲ့တဲ့The Safety First Movement ဆိုတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် လျှော့ချ ရေးလှုပ်ရှားမှု ကနေပြီးတော့ ဒီစကားစု လေး စတင်လာခဲ့တာပါ။ အမေရိကန်မှာ တော့ ၁၉၁၀ ပြည့်နှစ်ကတည်းက Safety Firstဆိုတဲ့ စကားစုကို သုံးလာခဲ့တာပါ။ အဲဒီနှစ်များ ဝန်းကျင်မှာပဲ ဂျပန်နိုင်ငံ ကလည်း သုံးစွဲလာခဲ့တယ်။ အခုတော့ ကမ္ဘာတစ်ဝန်းလုံး သုံးနေကြပါပြီ။ ဒါပေမဲ့ လိုက်နာမှု အပိုင်းမှာတော့ အားနည်း နေနိုင်ပါသေးတယ်။

လုပ်ငန်းခွင်မှာ ကျန်းမာရေးနဲ့ညီညွတ် ပြီး ဘေးကင်းလုံခြုံဖို့က လူသားတိုင်း အတွက် အရေးကြီးပါတယ်။ လုပ်သား တိုင်းဟာ ဘေးကင်းလုံခြုံမှုရှိပြီး၊ ကာကွယ်မှုပေးနိုင်တဲ့ လုပ်ငန်းခွင်မှာပဲ အလုပ်လုပ်ချင်တဲ့ ဆန္ဒရှိကြမှာပါ။ ကျန်းမာပြီး ဘေးကင်းလုံခြုံမှုရှိဖို့က နယ်ပယ်တိုင်းအတွက် အရေးကြီးပါ တယ်။ မလိုလားအပ်တဲ့ ဘေးအန္တရာယ် ဖြစ်ခြင်းကနေ ရှောင်ရှားဖို့နဲ့ ဘေးကင်း လုံခြံမှုရှိအောင် ဆောင်ရွက်ဖို့ အကောင်း ဆုံးနည်းလမ်းကတော့ Safety First ဆိုတာကို လိုက်နာဖို့ပါပဲ။

ဆင်းရဲခြင်းရဲ့နောက်မှာ ပညာမဲ့ ခြင်းက ထပ်ကြပ်မကွာ လိုက်လာပါတယ်။ ဆင်းရဲမွဲတေခြင်းနဲ့ ပညာမဲ့ခြင်းဟာ ခေါင်းနဲ့ပန်းလိုလည်း ဖြစ်နေနိုင်ပါ တယ်။ တစ်ခုမရှိရင် တစ်ခုရဖို့ မလွယ် ဘူး။ ပညာမွဲရင် အသိÓဏ်နဲ့ ဆင်ခြင် တုံတရားလည်း အားနည်းရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲမွဲတေခြင်း နဲ့ ပညာမွဲခြင်းနွံထဲမှာ နစ်ကောင်းတုန်း လို့ ပြောနိုင်မယ်ထင်ပါတယ်။
ဆင်းရဲခြင်းနဲ့ ပညာမဲ့ခြင်းက ဘေး အန္တရာယ်ကို မျက်ကွယ်ပြုဖို့ အားပေး ပါတယ်။ ဘေးအန္တရာယ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ မသိဘူး။

ကာကွယ်ရမယ့်နည်းလမ်းကို မသိဘူးဆိုတော့ အန္တရာယ်တွေကြားမှာ အသက်ကို အပေါင်ထားပြီး အလုပ်လုပ် ကြရတော့တယ်။ ဒီလိုနဲ့ပဲ လုပ်ငန်းခွင် ထဲမှာ ချွတ်ယွင်းချက်လေးနည်းနည်း ပေါ်တာနဲ့ အသက်မဟုတ်ရင်တောင် ကိုယ်အင်္ဂါတစ်ခုခုကို လျော်ကြေးပေး လိုက်ရတော့တယ်။ သတိလေးတစ်ချက် လွတ်တာနဲ့ ပေးဆပ်ရမှုက ကိုယ်အင်္ဂါ အစိတ်အပိုင်းလား၊ အသက်လားပဲ။

ကျွန်တော်တို့တတွေ ဆင်းရဲမွဲတေ ခြင်းနဲ့အတူ အရာရာဟာ နောက်ကျကျန် ခဲ့တယ်။Safety First ကို လိုက်နာဖို့ နေရာတကာမှာ အားနည်းနေတယ်။ ဘေးအန္တရာယ်ကင်းဖို့ သုံးရမယ့် ကာကွယ် ရေးပစ္စည်းတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ အစုံအလင်မသိပါဘူး။ ဘယ်ပစ္စည်းတွေကို ဘယ်နယ်ပယ်မှာ သုံးရမယ်ဆိုတာ မသိဘူး။ တချို့ကလည်း နေရာလွဲပြီး သုံးတာမျိုးလည်း ရှိပြန် တယ်။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်း မှာသုံးတဲ့ ဦးထုပ်ကို ဆိုင်ကယ်စီးတဲ့ အခါမှာ သုံးတာမျိုးပါ။ ဆိုင်ကယ်ဦးထုပ် ဆောင်းတဲ့နေရာမှာလည်း မိမိအသက် ကို ကာကွယ်ဖို့ဆောင်းတယ်ဆိုတဲ့ အတွေးအယူထက် ရဲဖမ်းမှာစိုးလို့ ဆောင်း တဲ့သူက ပိုများမယ်ထင်ပါတယ်။ ရဲမဖမ်းတဲ့ အချိန်ဆို ဆိုင်ကယ်စီးဦးထုပ်မဆောင်းတော့တာကြည့်ရင် သိသာတယ်။

လုပ်ငန်းခွင်အသီးသီးမှာရှိတဲ့ အလုပ် သမားတွေဟာ အကာအကွယ်မဲ့ အလုပ် လုပ်နေကြရတဲ့သူတွေများပါတယ်။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဆိုလည်း ဘေးကင်းရေးအတွက် ကိရိယာ တန်ဆာပလာအပြည့်အစုံ မရှိကြပါဘူး။ ဒါက လုပ်ငန်းခွင်တိုင်း နေရာတိုင်းမှာ ပါပဲ။ ကျွန်တော်တို့ ပြောင်းလဲဖို့ မကြိုး စားသေးပါဘူး။ ကိရိယာတန်ဆာပလာ အပြည့်အစုံနဲ့ အလုပ်လုပ်နိုင်ဖို့ မကြိုးစား ကြသေးဘူး။ အလုပ်လုပ်တဲ့လူတွေ ကိုယ်တိုင်ကလည်း အဲဒီအကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ပြီး အလုပ်လုပ်ရ တာကို မနှစ်သက်ကြသလို၊ အသားလည်း မကျသေးဘူး။ ဒီတော့ လုပ်ငန်းခွင်မှာ ထိခိုက် အန္တရာယ်ဖြစ်မှုတွေများပါတယ်။ ကာယကံရှင်အတွက်၊ မိသားစုအတွက်၊ တိုင်းပြည် အတွက် နစ်နာမှု ဖြစ်ရပါတယ်။ ဆိုတော့ ကျွန်တော်တို့ ကာကွယ်ရေး ပစ္စည်းတွေကို နည်းမှန်လမ်းမှန်နဲ့ စနစ် တကျ သုံးစွဲတတ်အောင် အသိပညာပေး တာ လုပ်ရပါတော့မယ်။ ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ရပါမယ်။ ဖြစ်နိုင် မယ်ဆို ပညာရေးသင်ရိုး ညွှန်းတမ်းထဲ ထည့်ဆွဲပြီးတော့ သင်ပေးသင့်ရင် သင်ပေး ရပါမယ်။

အခုတော့ ကျွန်တော်တို့အနေနဲ့ အကာအကွယ်ပစ္စည်းတွေကို မဖြစ်မနေ သုံးရတော့မယ့် အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပါပြီ။ အားလုံးသိကြတဲ့ အတိုင်းပါပဲ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ် -၁၉ ကပ်ရောဂါ ဒုတိယလှိုင်းနဲ့ ပက်ပင်း တိုးနေပါပြီ။ ကာကွယ်ဆေးမရှိ၊ ထိုးဆေး မရှိ၊ သောက်ဆေးမရှိတဲ့ အနေအထားမှာ ကာကွယ်ခြင်းနည်းလမ်းကလွဲပြီး တခြား ရွေးချယ်စရာ နည်းလမ်းမရှိတော့။ ဆိုတော့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ စတဲ့နည်းလမ်း တွေကို မဖြစ်မနေလိုက် နာကျင့်သုံးကြရတော့မှာပါ။ နှာခေါင်း စည်းတပ်ရင် အသက်ရှူကျပ်တယ် လုပ်နေလို့ မရတော့ဘူး။ နှာခေါင်း စည်းတပ်လို့ အသက်ရှူကျပ်တာကြောက် ရင် နှာခေါင်းစည်းမတပ်လို့ အသက်ရှူ ရပ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါမယ်။

ဆိုင်ကယ်ဦးထုပ်လေး မဆောင်း ဖြစ်လို့ အသက်ပေးလိုက်ရသူတွေ၊ Safety belt လေး တပ်မထားလို့ အသက်ပေးလိုက် ရသူတွေ အများကြီးရှိပါတယ်။ ဒီလိုပါပဲ Fall Protection Equipment (အမြင့်က ပြုတ်မကျအောင် ကာကွယ်သည့်ပစ္စည်း)လေး တပ်မထားလို့ အမြင့်ကနေပြုတ် ကျပြီး အသက်ပေးလိုက်ရသူတွေလည်း ရှိပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ အမြင့်ကနေပြီး ပြုတ်ကျလို့ သေဆုံး ရသူတွေဟာ အများဆုံးဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ အသက်တွေ လွယ်လွယ် နဲ့ လက်မလွှတ်ရလေအောင် ကိရိယာတန်ဆာပလာလေးတွေကို ပြည့်ပြည့်စုံစုံလေး သုံးကြဖို့ တိုက်တွန်း လိုပါတယ်။

အခုလက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးက ကင်းဝေးဖို့ နှာခေါင်းစည်း တပ်ကြပါစို့။ လက်ကို ခဏခဏ ဆေး ကြပါစို့။ မလိုအပ်ဘဲ အပြင်သွားတာကို ရှောင်ရှားပြီး အိမ်မှာပဲ နေကြပါစို့။ လူစု လူဝေးရှိတဲ့ နေရာတွေကို မသွားခြင်း ဖြင့် မိမိကိုယ်ကို ကာကွယ်ကြပါစို့။ မိမိကအစကာကွယ်ခြင်းဖြင့် မိမိရဲ့ မိသားစု၊ မိမိရဲ့ရပ်ရွာကို ကာကွယ်ကြ ပါစို့။

သန်းဇော်ဦး(ရလိုင်)