ဆေးသမား မိန်းမ

312
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဝါးခှမွးပှားမှှ ပိနလွှီနသညွေ့ ခနဓြာကိုယဖွှငွ့ တဈလမွးဝငွ တဈလမွးထှကွ ဈေးအောရွောငွးနသညွေ။

ခေါင်းပေါ်ရွက်ထားသည့် ဇလုံအတွင်းတွင် ထက်ခြမ်းခွဲထားသည့် ဖြူဖြူ ဖွေးဖွေး ဓနိသီးများ။

သူ့အမည်က “မိအေး”။(မှတ် ချက်။ ။ မိအေးသည် နာမည်အမှန် မဟုတ်ပါ။) အသက်က ၃၇ နှစ် ရှိကာ လူမမယ် သားသမီး ခြောက်ဦးရှိပြီး အလုပ်မျိုးစုံလုပ်ကာ ရှာဖွေကျွေးမွေးနေသူ ဖြစ်သည်။

ဆေးသမား၏ ဇနီးမယားအဖြစ် အသက်မွေးဝမ်းကျောင်းပြုရသည်မှာ မျက်နှာငယ်စရာ။ ထိုအကြောင်းများကို ပြန်ပြောင်းပြောဆိုရသည်ကလည်း ဝမ်းနည်းညှိုးငယ်စရာ ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်ကဆိုလျှင် ယခုလို ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ နေရန် မလိုခဲ့။ ခင်ပွန်းက ငါးဖမ်းလှေလိုက် သို့မဟုတ် တက္ကစီမောင်းပြီး ရှာပေးသည့် ဝင်ငွေဖြင့် သင့်တင့်မျှတစွာ နေလို့ရသည်။

ယခုအချိန်တွင်တော့ ခင်ပွန်းမှာ ဆေးမှုဖြင့် ထောင်ကျနေသည်။ ငါးနှစ်ပင် ပြည့်လုနီးပြီ။ သို့သော် မလွတ်နိုင် သေး။ နောက်ထပ် ငါးနှစ်ကျန်သေးသည်။

“သူထောင်ကျပြီး ကြုံရတဲ့အခက် အခဲတွေက ပြောစရာ ကမ်းအကုန်ပဲ” ဟု သူက ပြောသည်။

ယောကျာ်းဖြစ်သူ ထောင်ကျသွားပြီးနောက် သမ္မာအာဇီဝဖြင့် ရသည့်အလုပ် အကုန်လုပ်ခဲ့ရသည်။

တစ်နေ့ကို နှစ်ထောင့်ငါးရာကျပ် ယူကာဈေးအတွင်း တစ်နေကုန် ငါးစိမ်း ရောင်းကူရသလို ပိုက်ဆံကလေး နှစ်ထောင် လောက်ရရန် အိမ်ပေါက်စေ့ အဝတ်လိုက် လျှော်ရသည့်နေ့များကလည်း မရေတွက်နိုင်တော့။

ကင်းမွန်ဒိုင်တွင် ညဥ့်နက်သည်အထိ အလုပ်လုပ်ခဲ့ဖူးသလို သားငါး၊ ချဉ်ပေါင်ကန်စွန်းရွက်များကိုလည်း ရပ်ကွက်အတွင်း ခြေတိုအောင် လှည့်ရောင်းရင်း ဥမမည် စာမမြောက် သားသမီး ခြောက်ယောက်အား ငတ်မသေရန် သူမ ရုန်းကန်ခဲ့ရသည်။

သို့သော်လည်း အလုပ်က ပုံမှန် မရှိ။
အလုပ်မရှိသည့်အတွက် အစာအိမ် ဟောင်းလောင်းဖြင့် ဖြတ်သန်းခဲ့ရသည့် ညများရှိခဲ့သလို ဆန် နို့ဆီတစ်ဘူးကို ပြုတ်ကာ မိသားတစ်စုလုံး မျှစားပြီး မိုးချုပ်ခဲ့ရသည့် နေ့များကလည်း ခပ်များများ။

“ထမင်းမချက်နိုင်တဲ့ နေ့တွေဆို အရပ်ပတ်ပြီး တစ်အိမ်တစ်ယောက် ကလေးတွေကို လိုက်တောင်းကျွေးလိုက် တယ်။ လူကြီးကတော့ အငတ်ခံပေါ့” ဟု ဆိုသည်။

သူမတွင် ဆွေမျိုးများရှိသော်လည်း အားလုံးက ဝေးလံခေါင်သီသည့် တောရွာ ဇနပုဒ်တွင် နေထိုင်ကြသည်။

သို့သော် ကံကောင်းသည်တစ်ခုက အစ်မအရင်း တစ်ဦး မြို့ပေါ်တွင်ရှိနေပြီး မကြာမကြာ လာရောက် ကြည့်ရှုသည်။ သို့သော် ထိုအစ်မမှာလည်း သူ့မိသားစုနှင့်သူ။ စီးပွားရေးကလည်း ကောင်းလှသည် မဟုတ်။

ချောင်းကောမြေပေါ်တွင် ဆောက်ထားပြီး တဲသာသာရှိသည့် ယိုင်နဲ့ပြို ကျလုဖြစ်လျက်ရှိသော သူတို့နေအိမ် ကလေးအတွက်လည်း အိမ်လခ ပုံမှန်မပေး နိုင်တော့သည်မှာ ယောကျာ်း ထောင်ကျသွားပြီးကတည်းက ဖြစ်သည်။

သည့်အတွက် အိမ်ရှင်က ဆဲဆိုကာ အတင်းမောင်းထုတ် ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကို သူ မမေ့သေး။

“လာအော်တယ်။ လာဆဲတယ်။ နောက်ဆုံးအိမ်ကို လာတွန်းဖြိုတယ်” ယင်းနောက် တစ်ခြားအိမ်ခန်း တစ်ခုသို့ ပြောင်းပေးခဲ့ရသည်။

“နောက်ပြောင်းတဲ့အိမ်လည်း အရင် အိမ်လိုပါပဲ ရေတက်ရင် ရေမြုပ်တယ်။ မိုးရွာရင် ကလေးတွေ အိမ်စရာနေရာ မရှိဘူး” ဟု သူက ပြောသည်။

ရေကြီးမိုးယိုသည့် အခန်းလေးတွင် နှစ်အတန်ကြာ ဒုက္ခခံခဲ့ပြီးနောက် ယခု အချိန်တွင်တော့ လခမပေးရသည့် အိမ် တွင် နေထိုင်နေပြီဖြစ်သည်။

“ကျွန်မက တောင်းနေတော့ အိမ်ရှင်ကလည်း ကြည်ကြည်ဖြူဖြူပဲ ကိုယ့်ဘာသာကိုယ် ပြုပြင်ပြီးနေလို့ပြောတယ်”

သူမတို့အား လက်ရှိ ပေးနေလိုက်သည့် အိမ်သည် နှစ်ပေါင်းများစွာ ကတည်းက လူမနေသည့် အိမ်တစ်လုံးဖြစ်ပြီး မိသားတစ်ခု အမိုးလုံရန် ပြုပြင်ခဲ့ရသည်။

“စုထားတဲ့ ပိုက်ဆံလေးနဲ့ အချင် လေးဝယ်၊ ဓနိဖက်လေးဝယ်ပြီး အမိုး လေးတစ်ခြမ်း လုပ်လိုက်တယ်။ ကလေး တွေ မိုးမစိုရင်ရပြီ” ဟု ဆိုသည်။

ယခုတော့ ယင်းအိမ်ကလေးတွင် နေထိုင်ပြီး အရပ်ထဲဈေးထဲ ဓနိသီး လည်ရောင်းနေသည်။ ဓနိသီးလည် ရောင်းသည် ဆိုသော်လည်း ယင်းအလုပ်က လွယ်ကူသည်တော့ မဟုတ်။ လူအများ အိပ်ကောင်းသည့် မနက်နှစ်နာရီထိုး ထပြီး ဓနိသီးများ ခွဲရသည်။

ပြီးလျှင် ခြောက်နာရီခွဲ ဈေးသို့ အရောက်သွားကာရောင်းချရသည်။ မွန်းတည့်ချိန်လောက်ကျမှ အိမ်ပြန်ပြီး ထမင်းဟင်းချက်ရသည်။ ဓနိသီးရောင်းရသည့် တစ်နေ့အမြတ်ငွေသုံးထောင် လေးထောင်ထဲမှ ချွေတာစားပြီး သူမ ငွေစုနေသည်။ ငွေသုံးသောင်းခန့် စုမိလျှင် ယောကျာ်းကို ထောင်ဝင်စာ သွားတွေ့ ရမည်။

အလုပ်အဆင်မပြေ သည့်အတွက် ငွေမစုနိုင်လျှင်လည်း အတိုးဖြင့်ချေးကာ အနည်းဆုံး သုံးလတစ်ကြိမ်တော့ သွားတွေ့ ရသည်။

“သွားတွေ့တိုင်း နားချတယ်။ ပြန် ထွက်လာရင် မလုပ်တော့ဘူးလို့ သူ ကတိပေးတယ်”

သူမယောကျာ်းနည်းတူ မူးယစ်ဆေးကြောင့် ထောင်နံရံအတွင်း အချိန်ကုန်နေရသည့် လူပေါင်းများစွာကိုလည်း တွေ့ရသည်။ ယင်းတို့ကြောင့် ပြိုကွဲခဲ့ရသည့် အသိုက်အမြုံများ၊ လောကအလယ် မျက်နှာငယ်ကာ ဒုက္ခမျိုးစုံ ခါးစည်းခံနေရဆဲ မိသားစုများကလည်း မည်မျှရှိမည်နည်း။ သူ မတွေးနိုင်။

ဝေ့လာသည့် မျက်ရည်တစ်စကို မကျအောင် ထိန်းရင်း မိအေးက ယခုလို ဆိုသည်။

“မူးယစ်ဆေးတဲ့၊ သူတို့လုပ် သူတို့ သုံးပြီး ထောင်ထဲဝင်သွားရတယ်။ ကျွန်မ တို့မှာက ဒုက္ခဖြစ်ပြီး ကျန်ခဲ့ရတာလေ”

ကိုဆန်း