ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ

0
357

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက်မှာ ယခင်ရွေးကောက်ပွဲထက် ၆ ရာခိုင်နှုန်းခန့် တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်) စာရင်းအရ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရွေး/ ကော်က အတည်ပြုထားသည့် ကိုယ်စားလှယ်လောင်း ၁၇၈ ဦးရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးသာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း ဖြစ်သည်။

လက်ရှိတွင် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၂၇၃ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း က ၄၃ ဦးအထိ ပါဝင်လာရာ ရာခိုင်နှုန်းအားဖြင့် ၁၆ ရာခိုင်နှုန်းဝန်းကျင် ဖြစ်သည်။

အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုများလာခြင်းက ကောင်းသည့် ရလဒ်တစ်ခုဖြစ်သော်လည်း ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု သုံးဆယ်ရာခိုင်နှုန်း ပြည့်မီစေရေး တိုက်တွန်းချက်ကိုမူ ပြည့်မီခြင်းမရှိသေးကြောင်း ထားဝယ် အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင် (ခ) မီးလေးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းများတွင် အမျိုးသမီး ပါဝင်မှု အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း ပြည့်မီစေရေးအတွက် အမျိုးသမီးအဖွဲ့ အစည်းများက တောင်းဆိုထားသည်။

ထို့အပြင် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အရေအတွက်သာမက ရွေးကောက် တင်မြှောက်ခံမှုတွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်လာရန်နှင့် ရွေးကောက်ပွဲ ပြီးချိန်တွင် နိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍများတွင်လည်း ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း သူမက ထောက်ပြသည်။

“အမျိုးသမီးတွေ လွှတ်တော်ထဲမှာ ဖြစ်ဖြစ် အစိုးရထဲမှာ ပါလာခြင်းအားဖြင့် အမြင်မတူတာတွေကို ပိုပြီးစဉ်းစား နိုင်လာမယ်ပေါ့” ဟု မယ်းနုနုလှိုင်က ပြောသည်။

၂၀၁၄ သန်းကောင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း အမျိုးသမီးဦးရေ ခုနစ်သိန်းကျော်(၅၀ ရာခိုင်နှုန်းကျော်)ရှိသည်။