ကမ်းနားမှနှစ်ချို့အမှိုက်များအား ရှင်းပြီ

0
662

မြိတ်ကမ်းနားလမ်းနံဘေး၊ ပင်လယ်ရေစပ် လတာပြင်ပေါ်ရှိ နှစ်ချို့အမှိုက်များကို ပြီးခဲ့သည့် ရက်ပိုင်းက ရှင်းလင်းခဲ့ကြောင်း သိရသည်။

နှစ်ပေါင်းများစွာကြာအောင် ပင်လယ်ကမ်းစပ်တွင် တည်ရှိနေခဲသည့် ငါးဖမ်းပိုက်အစုတ်၊ ပိုက်ကြိုး၊ အဝတ်အစားအစုတ်၊ ဆိုင်ကယ်နှင့် ကားတာယာများ၊ အရက်ပုလင်း အကွဲအရှများကို ရှင်းလင်းကောက်ယူခဲ့ကြောင်း ဦးဆောင်သူ FFI အဖွဲ့မှ ကွင်းဆင်းညှိနှိုင်းရေးမှူး ဒေါ်မူယာအေးက ပြောသည်။

မလိကျွန်း ပုလဲကုမ္ပဏီ ဝန်ထမ်းများ လုပ်ခလစာ လနှင့်ချီ မရ

“သိမီတဲ့ သက်ကြီးရွယ်အိုတွေကို မေးကြည့်တော့ ဒီအမှိုက်တွေဟာ နှစ်ပေါင်းနှစ်ဆယ်မှ နှစ်ငါးဆယ်လောက် ရှိပြီလို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

မြိတ်ဆိပ်ငယ် သင်္ဘောဆိပ်တစ်ဝိုက် ကောက်ယူခဲ့သည့် ယင်းအမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ပိုင် သုံးတန်ကား ငါးစီးဖြင့် တိုက်ယူခဲ့ရပြီး အနည်းဆုံး ဆယ်တန်ကျော်ခန့် ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ ( FFI)၊ Trash Hero Myeik၊ ခရီးသွား လုပ်ငန်းရှင်များနှင့် မြို့နယ်စည်ပင်သာယာရေးအပါအဝင် အဖွဲ့ပေါင်း ၁၇ ဖွဲ့က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မြိတ်ဒေသအတွင်း ပင်လယ်ငါးဖမ်းလှေ ထောင်ချီရှိပြီး ယင်းလှေများတွင် အသုံးပြုသည့် ငါးဖမ်းပိုက်များ ပင်လယ်အတွင်းသို့ ပုံစံမျိုးစုံဖြင့် ကျရောက်လျက် ရှိသည်။

“နောက်အပတ်တွေမှာလည်း ဒီ ကမ်းနားလမ်းတောက်လျှောက် ကျွန်မတို့ ဆက်ကောက်သွားဖို့ ရှိပါတယ်” ဟု FFI အဖွဲ့မှ ကွင်းဆင်းညှိနှိုင်းရေးမှူး ဒေါ်မူယာအေးက ပြောသည်။

ယင်းပိုက်စုတ်များကြောင့် သန္တာကျောက်တန်းများပျက်စီးခြင်း၊ ရေနေသတ္တဝါများ သေကြေပျက်စီးခြင်းများ လည်း ရှိနေကြောင်း ပင်လယ်အတွင်း ပိုက်စုတ်များကို လိုက်လံကောက်ယူရှင်းလင်းနေသည့် မြန်မာအိုးရှင်းပရောဂျက် အဖွဲ့မှ သိရသည်။

အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် ဓားအခုတ်ခံရပြီး သေဆုံး

ယင်းအဖွဲ့သည် ပြီးခဲ့သည့်နှစ်က မြိတ်ကျွန်းစုပင်လယ်အတွင်းမှ စွန့်ပစ် ငါးဖမ်းပိုက် ကီလိုနှစ်ထောင်ခန့်အား ဆယ်ယူခဲ့ပြီး ပင်လယ်အတွင်းသို့ ငါးဖမ်းပိုက်အစုတ်များနှင့် ပလတ်စတစ် အမှိုက်များမပစ်ချရေး ပညာပေးလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပင်လယ်ပြင်အတွင်း စွန့်ပစ်ခဲ့သည့် ငါးဖမ်းပိုက်ကွန်နှင့် စွန့်ပစ်ပစ္စည်းများမှာ အလေးချိန် တန် ၆၄၀,ဝ၀ဝ အထိရှိသည်ဟု ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။