မော်လမြိုင်-ရန်ကုန် လေအိတ်ရထား သြဂုတ် ၂၂ ရက်တွင် စပြေးဆွဲမည်

0
476

မော်လမြိုင်-ရန်ကုန် လေအိတ်ရထားကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဟု မြန်မာ့မီးရထား တိုင်းအမှတ် (၈) ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်သို့ စတင်ပြေးဆွဲမည့် လေအိတ်ရထားသည် (၈၃) အဆန် (၈၄) အစုန်ရထားဖြစ်ပြီး အထက်တန်း လေးတွဲ၊ ရိုးရိုးတန်း ငါးတွဲပါသည်ဟုလည်း မြန်မာ့မီးရထား တိုင်းအမှတ်(၈) မှ သိရသည်။

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး

“နောက်ဆုံးပေါ် လေအိတ်ရထားဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်ဖို့အတွက်ကို ဝန်ဆောင်မှုအပြည့်ပေး ထားတယ်။ အဲဒီအပြင် ရထားတွဲဆိုင်းတွေမှာ လုံခြုံရေးအတွက် CCTV တွေလည်း ပါမှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား တိုင်းအမှတ် (၈) မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောသည်။

လေအိတ် ရထားပေါ်တွင် ပြင်ပဈေးသည်များ ရောင်းချခြင်းမပြုဘဲ မြန်မာ့ မီးရထားဝန်ထမ်းများက အသင့်စား အစားအစာများ ရောင်းချပေးသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် လေအိတ်ရထားပြေးဆွဲချိန်သည် ၉ နာရီကြာမည်ဖြစ်ပြီး ပေါင်၊ သထုံ၊ တောင်စွန်း၊ ကျိုက်ထိုနှင့် ပဲခူး စသည့် ဘူတာတို့တွင်သာ ရပ်နားမည် ဖြစ်သည်။

ရန်ကုန်မှ ည ၈ နာရီ ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်သည်။ ထို့အတူ မော်လမြိုင်မှ ည ၉ နာရီထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နံနက် ၆ နာရီ ရောက်ရှိမည်ဖြစ်သည်။

ယခုနှစ် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မကျင်းပဖြစ်

လက်မှတ်နှုန်းထားအနေနှင့် အထက်တန်းအတွက် ၈၀ဝ၀ ကျပ်နှင့် ရိုးရိုးတန်းအတွက် ၄၀ဝ၀ ကျပ်ဖြစ်ကြောင်း ရထားကို နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာလက်မှတ်အရောင်းဌာနမှ သိရသည်။

မော်လမြိုင်ဘူတာမှ မီးရထားတွဲဆိုင်းပြေးဆွဲမှုအနေဖြင့် မွန်ပြည်နယ် အတွင်းသာမက ရန်ကုန်၊ နေပြည်တော်နှင့် ထားဝယ်သို့ ပြေးဆွဲလျက်ရှိသည်။