ရနောင်းသို့ပို့သည့် ရေထွက်ကုန် တိုးလာ

0
318

ကော့သောင်းမြို့မှ တစ်ဖက်ကမ်း ရနောင်းမြို့သို့ တင်ပို့သည့် ရေထွက်ကုန်များ တိုးလာကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ရေထွက်ပို့ကုန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကုန်တန်ချိန် တစ်သိန်း ကိုးသောင်းကျော်၊ အမေရိကန်ဒေါ်လာ ၁၃၉ သန်းဖိုး ရရှိခဲ့ရာမှ နောက်တစ်နှစ်တွင် ကုန်ချိန်တန်ပေါင်း နှစ်သိန်းသုံးသောင်း၊ အမေရိကန်ဒေါ်လာ ၁၇၂ သန်းကျော်ဖိုး ရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် က ပြောသည်။

ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံမှု နေ့တွင်းချင်း ပြင်ဆင်ပြီး

ယင်းနောက် ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ဇွန်လအထိ စာရင်းများအရ ကုန်တန်ချိန်ပေါင်း နှစ်သိန်းသုံးသောင်းကျော်ကို တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁၅၂ သန်း ရရှိပြီးဖြစ်သည်။

“နောက်ထပ် လေးလ ကျန်သေးတယ်ဆိုတော့ ဒီနှစ်ကပိုပြီးတော့ တိုးလာ ဖို့ရှိတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ တိုးတက်လာခြင်းသည် ငါးသားပေါက် ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ် သုံးလကို ပိတ်ပင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဦးသန့်ဇင်က ဆိုသည်။

ရေထွက်ကုန်များ တိုးလာသော်လည်း လက်ရှိချိန်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်နေသည့်အတွက် ပုံမှန်ရောင်းချ နေသည့် ဈေးနှုန်းမရရှိဘဲ ငါးဆယ် ရာခိုင်နှုန်းဝန်းကျင် ဈေးချကာ ရောင်းချနေရကြောင်း ဒေသခံငါးဖမ်းလုပ်ကိုင်သူ များက ပြောသည်။

လက်ရှိအချိန်တွင် ကော့သောင်းဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ နေ့စဉ်ကမ်းနီးလှေ အစီးရေသုံးဆယ်ခန့် သွားရောက်ရောင်းချနေကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုဆန်း